၁၁-၁၅ နိုဝင်ဘာ၊ ၂၀၂၁

 

NUG အနေဖြင့် စစ်အုပ်စုနှင့်ပတ်သက်ဆက်နွယ်နေသူများအား လုပ်ကြံသတ်ဖြတ်ရန် စာရင်းလုပ်ထားသည်ဟူသော ကောလဟလတစ်ခု သံတမန်အသိုင်းအဝန်းတွင် နိုဝင်ဘာလ ၁၂ ခန့်က စတင်ပြန့်နှံ့လာကြောင်း သိရှိရသည်။ ၎င်းနှင့်မိတ်ဆွေတချို့အား NUG ၏ လက်မရွံ့တပ်ဖွဲ့ဝင်များက လုပ်ကြံသတ်ဖြတ်ရန် ကြံစည်နေကြောင်း စစ်ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန်အစိုးရလက်ထက်က ငြိမ်းချမ်းရေးအကျိုးဆောင်လုပ်ခဲ့ဖူးသူတစ်ဦးက သံတမန်တစ်ဦးစီသို့ နိုဝင်ဘာလ ၈ ရက်နေ့ရက်စွဲဖြင့် စာရေးသားပေးပို့ခဲ့ကြောင်း အလွတ်တမ်းသတင်းထောက် Mratt Kyaw Thu က ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသည်။ 

အဆိုပါစာအရ NUG နှင့် PDF များသည် အကြမ်းဖက်မှုများကျူးလွန်နေကြောင်း အောက်တိုဘာလတစ်လထဲ အရပ်သား ၂၀၀ ခန့်အား သတ်ဖြတ်ခဲ့ကြောင်း ယခုတွင်လည်း ၎င်းအပါအဝင် စီးပွားရေးသမားများ နာမည်ကျော်ကြားသူများကိုလည်း လုပ်ကြံရန် NUG ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးက ဦးဆောင်စီစဥ်နေကြောင်း စွပ်စွဲဖော်ပြထားသည်။ အဆိုပါ စွပ်စွဲချက်များသည် အခြေအမြစ်မရှိဘဲ နိုင်ငံတကာအသိုင်းအဝန်းတွင် ထောက်ခံမှုများတိုးပွားလာသော NUG ၏ပုံရိပ်အား မှေးမိန်စေရန် စစ်အုပ်စုနှင့်နီးစပ်သူများက ကြိုးပမ်းခြင်းဖြစ်ကြောင်း NUG တာဝန်ရှိသူများက မီဒီယာများမှတဆင့် ပြန်လည်တုံ့ပြန်ထားသည်။

နိုဝင်ဘာ ၁၁ ရက်နေ့ ညက ချင်းပြည်နယ် တီးတိန်မြို့နယ် Aklui khua ရွာတွင် စစ်သား ၃ ဦးက ကလေးမွေးထားသည်မှာ တလခွဲခန့်သာရှိသေးသော အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးအား မုဒိမ်းပြုကျင့်ခဲ့ပြီး ၎င်း၏အမျိုးသားအား ရိုက်နှက်၍ နေအိမ်အတွင်းမှ အဖိုးတန်လက်၀တ်ရတနာများကို ယူဆောင်သွားကြောင်း နစ်နာသူများက Chinland Defense Force - Kalay Kabaw Gangaw (CDM Siyin) ကို တိုင်ကြားခဲ့ကြောင်း RFA က ဖော်ပြထားသည်။ နိုဝင်ဘာ ၇ ရက်နေ့ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် အသက် ၆၂ နှစ်အရွယ် ကချင်အမျိုးသမီးတစ်ဦးအား စစ်ကောင်စီ တပ်သားတစ်ယောက်က အဓမ္မပြုကျင့်ခဲ့သဖြင့် ၎င်းအား စစ်ဘက်ဥပဒေအပြင် အရပ်ဘက်ဥပဒေဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း စစ်ကောင်စီက ဝန်ခံပြောကြားထားသည်။ 

စစ်အုပ်စုလက်အောက်တွင် ကျင်းပသော တက္ကသိုလ်ဝင်တန်း စာမေးပွဲ၏ ရလဒ်များ အသိအမှတ်ပြုမည်မဟုတ်ကြောင်း NUG ၏ ပညာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၅ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။ စစ်အုပ်စုလက်အောက်ရှိ သမ္မတရုံးတွင်တာဝန်ထမ်းဆောင်နေခဲ့သော ဒုညွှန်မှူးအဆင့်ရှိသူအရာရှိတစ်ဦးကို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ (ခေါ်) ဦးကျော်မင်းယုနှင့် ဆက်သွယ်ခဲ့သည်ဆိုသော စွပ်စွဲချက်ဖြင့် စစ်သားများက နိုဝင်ဘာလ ၁၁ ရက်နေ့က ဖမ်းဆီးသွားကြောင်း Mizzima က ဖော်ပြထားသည်။ 

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်ရှိ PDF စခန်းတစ်ခုကို PDF အယောင်ဆောင်ထားသည့် စစ်ကောင်စီတပ်ဖွဲ့များက နိုဝင်ဘာ ၁၃ ရက်နေ့တွင် ဝင်ရောက်စီးနင်းကာ မီးရှို့လိုက်ကြောင်း Myanmar Now က ဖော်ပြထားသည်။ ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် စစ်အုပ်စု၏တပ်စခန်းတစ်ခုကို သိမ်းပိုက်ခဲ့ကြောင်း KIA ၏ ပြောရေးဆိုခွင့်ရှိသူက 74 Media သို့ အတည်ပြုပြောဆိုခဲ့သည်။ ဖားကန့်ရှိ အင်အား ၁၀၀ ခန့်ရှိသော စစ်စခန်း ၃ ခုအား KIA က တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်အုပ်စုက တိုက်လေယာဥ်များအသုံးပြု၍ တုံ့ပြန်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ချင်းပြည်နယ် မတူပီမြို့မှ ဆမီးမြို့သို့သွားနေသော စစ်ကားနှစ်စီးအား ပထမဆုံးအနေဖြင့် ခြုံခိုတိုက်ခိုက်ခဲ့သဖြင့် စစ်သား ၁၀ ဦးကျော် သေဆုံးခဲ့ကြောင်း CDF-ပလက်ဝ က သတင်းထုတ်ပြန်ခဲ့သည်။ 

နိုဝင်ဘာလ ၁၃ ရက်နေ့က မကွေးတိုင်း ရေစကြိုမြို့နယ်ရှိ ရဲစခန်းတစ် PDF ၇ ဖွဲ့ပူးပေါင်း၍ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း Khit Thit က ဖော်ပြထားသည်။ နိုဝင်ဘာ ၁၅ ရက်နေ့က ရန်ကုန်မြို့ သန်လျင်မြို့နယ်ရှိ စစ်တပ်ဂိတ်စခန်းနှင့် မီးပွိုင့်တစ်ခုရှိ ယာဉ်ထိန်းရဲများအား တစ်ပြိုင်တည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း NUG ၏ ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။ နိုဝင်ဘာ ၁၂ ညကလည်း စစ်အုပ်စုယာဥ်တန်းတစ်ခုအား ရန်ကုန်တိုင်း ကော့မှူးမြို့နယ်တွင် PDF များက ခြုံခိုတိုက်ခိုက်ခဲ့သည့် ဗီဒီယိုဖိုင်တစ်ခု အွန်လိုင်းတွင်ပြန့်နှံ့လာသည်။ NUG သည် ရန်ကုန်တိုင်းတွင် စစ်ဆင်ရေးတစ်ရပ်ပြုလုပ်နေပြီး စက်တင်ဘာလမှ အောက်တိုဘာလအထိ တိုက်ခိုက်မှု ၉၉ ကြိမ်နှင့် ဗုံးခွဲတိုက်ခိုက်မှု ၂၅၆ ကြိမ် လုပ်ဆောင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။ 

နိုဝင်ဘာလ ၁၃ ရက်နေ့က ဂျပန်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်တစ်ဦးဖြစ်သော နိပွန်းဖောင်ဒေးရှင်း၏ ဥက္ကဋ္ဌ Yohei Sasakawa သည် အာဏာသိမ်းခေါင်းဆောင်နှင့် နေပြည်တော်တွေ တွေ့ဆုံခဲ့ကြောင်း စစ်အုပ်စုသတင်းစာက ဖော်ပြထားသည်။ ထို့အပြင် နိုဝင်ဘာလ ၁၅ ရက်နေ့က ၎င်းသည် AAခေါင်းဆောင်များနှင့် Online ဖြင့် တွေ့ဆုံခဲ့ပြီး ရခိုင်တွင် တိုက်ခိုက်မှုများမလုပ်ကြရန်တောင်းဆိုခဲ့ကြောင်း Western News က ဖော်ပြထားသည်။ နိုဝင်ဘာ ၁၄ ရက်နေ့က ထိုင်းနိုင်ငံ၏ ဒုဝန်ကြီးချုပ် နိုင်ငံခြားရေးဝန်ကြီး Don Pramudwinai သည် နေပြည်တော်တွင် အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။ ထောင်ဒဏ် ၁၁ နှစ်ကျခံထားရသော အမေရိကန်သတင်းသမား Daniel Fenster သည် အင်းစိန်ထောင်၌ ငါးလကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခံထားရပြီးနောက် နိုဝင်ဘာ ၁၅ နေ့တွင် ပြန်လည်လွတ်မြောက်ကာ ပြည်နှင်ဒဏ်ပေးခံရကြောင်း ၎င်းလုပ်ကိုင်ခဲ့သည့် Frontier Myanmar မဂ္ဂဇင်းတာဝန်ရှိသူက Myanmar Now အား အတည်ပြုပြောဆိုသည်။

Comments