၁၆-၂၀ နိုဝင်ဘာလ၊ ၂၀၂၁
နိုဝင်ဘာ ၁၆ ရက်နေ့က စစ်ကိုင်းတိုင်း ကလေးမြို့နယ်ရှိ ကလေး PDF တပ်ရင်း (၃) ၏ တပ်ခွဲစခန်းတစ်ခုကို စစ်အုပ်စုက ဝင်ရောက်စီးနင်းခဲ့ပြီး အဆိုပါစခန်းရှိ ဆေးတပ်ဖွဲ့ဝင်များဖြစ်သော ချင်းအမျိုးသမီးကိုးဦးအား ဖမ်းဆီးခဲ့ကြောင်း Zalen က ဖော်ပြထားသည်။ PDF-Kalay ၏ ပြောဆိုချက်အရ အဆိုပါတိုက်ပွဲအတွင်းတွင် ၎င်းတို့၏အဖွဲ့ဝင်များအနက် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားနှစ်ဦး သေဆုံးခဲ့ကြောင်း ပြောဆိုသည်။ ၎င်းတို့ပြန်လည်လွတ်မြောက်နိုင်ရေးအတွက် ကာကွယ်ရေးတပ်များ၏ ပူးပေါင်းတပ်များက စစ်အုပ်စုအားပိတ်ဆို့တိုက်ခိုက်နေသဖြင့် တိုက်ပွဲများယနေ့အထိ ပြင်းထန်နေကြောင်းသိရသည်။
ရန်ကုန်တိုင်းအတွင်း PDF အဖွဲ့ဝင် ၃၉ ဦးနှင့် ထောက်ပံ့ကူညီသူ ၈ ဦး ဖမ်းဆီးရမိကြောင်း စစ်အုပ်စုက နိုဝင်ဘာ ၁၇ တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ၎င်းတို့အားလုံးမှာ နိုဝင်ဘာ ၁၂ မှ ၁၇ အတွင်း ပစ်ခတ်မှုများနှင့် ဆက်စပ်သူများဖြစ်ကြောင်း ကြေညာချက်တွင်ဖော်ပြထားသည်။ သို့သော် ဖမ်းဆီးခံရသူများအနက် ၂၀ ဦးခန့်သည်သာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ PDF များဖြစ်ပြီး အခြားသူများမှ PDF နှင့်သက်ဆိုင်သူများမဟုတ်ကြောင်း NUG ၏ ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ Myanmar now ကိုပြောဆိုခဲ့သည်။ ထို့အပြင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်( NLD)ပါတီ၏ ဗဟိုကော်တီဝင် ဖြစ်သူ ဦးဖြိုးဇေယျာသော်ကို နိုဝင်ဘာ ၁၈ ရက်နေ့က ရန်ကုန်မြို့တွင် လက်နက်များနှင့်အတူ ဖမ်းဆီးရမိကြောင်း စစ်အုပ်စုက ကြေညာခဲ့သည်။ ၎င်းသည် ရန်ကုန်မြို့အတွင်းရှိ PDF များအား ဦးဆောင်နေသူ နောက်ကွယ်မှ လက်နက်ပံ့ပိုးသူဖြစ်ကြောင်း စစ်အုပ်စုက စွပ်စွဲထားသည်။
တလက်စတည်း Mytel ၏ မန်နေဂျာကို နိုဝင်ဘာလ ၄ ရက်နေ့က လုပ်ကြံသတ်ဖြတ်သူများအား ဖမ်းဆီးထားမိပြီဖြစ်ကြောင်း စစ်ကောင်စီက ကြေညာခဲ့သည်။ တချိန်တည်းပင် စစ်ကောင်စီတပ်သား ၃ ဦးကို စစ်သုံပန်းအဖြစ် ဖမ်းဆီးရမိထားကြောင်း NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၉ ရက်နေ့က ကြေညာခဲ့သည်။ ၎င်းတို့အား နိုင်ငံတကာဥပဒေများနှင့်အညီ ထိန်းသိမ်းထားကြောင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ (ICRC) သို့ ဆက်သွယ်အကြောင်းကြားသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
စစ်ကိုင်းတိုင်း မုံရွာမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MPDF) သို့ စစ်ကောင်စီ၏ မုံရွာအခြေစိုက် ခြေမြန်တပ်ရင်း (ခမရ) အတွင်းရှိ တပ်မိသားစုဝင် ၁၆ ဦးက ကျပ်ငါးသိန်းလှူဒါန်းခဲ့ကြောင်း Myanmar Now က ဖော်ပြထားသည်။ ပြီးခဲ့သည့် စက်တင်ဘာနှင့်အောက်တိုဘာ နှစ်လအတွင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ဖောက်ခွဲဖျက်ဆီးမှုကြောင့် စစ်တပ်ပိုင် Mytel တာဝါတိုင် ၃၆၂ တိုင် ပျက်စီးခဲ့ကြောင်း စစ်အုပ်စုက ထုတ်ဖော်ပြောဆိုခဲ့သည်။ အဆိုပါ ပျက်စီးသွားသော တာဝါတိုင်များ၏ စုစုပေါင်းတန်ဖိုးသည် ဒေါ်လာတစ်သန်းခွဲ့ခန့် တန်ဖိုးရှိကြောင်းလည်း သိရသည်။
နိုင်ဝင်ဘာလ ၁၆ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (National Unity Consultative Council - NUCC) ၏ ပထမဆုံးအကြိမ် သတင်းစာ ရှင်းလင်းပွဲအားကျင်းပခဲ့ပြီး လက်ရှိ NUCC အား အဖွဲ့အစည်းပေါင်း ၂၈ ဖွဲ့မှ ကိုယ်စားလှယ် ၅၆ ဦးဖြင့် ဖွဲ့စည်းထားကြောင်း federal charter အား ဒုတိယအကြိမ်ပြန်လည်သုံးသပ်နေကြောင်း ပြည်သူ့ညီလာခံကို ဒီဇင်ဘာလတွင် ကျင်းပသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
SSPP/SSA နှင့် RCSS/SSA တို့၏ တိုက်ပွဲအတွင်း SSPP က ဖမ်းဆီးထားသော စစ်သုံ့ပန်း (၁၃)ဦးကို ၎င်းတို့အနေဖြင့် ပြန်လည်လွှတ်ပေးမည်ဟု SSPP က Shan News ကိုပြောဆိုခဲ့သည်။ မကွေးတိုင်း ဆောနယ်တွင် စစ်အုပ်စုက ဒေသခံကာကွယ်ရေးတပ်များအား အကြီးအကျယ် ထိုးစစ်ဆင်နေခြင်းကြောင့် နှစ်ဖက် အဆုံးအရှုံးများပြားနေကြောင်း Irrawaddy က ဖော်ပြထားသည်။ စစ်အုပ်စုသည် တိုက်ခိုက်ရေးရဟတ်ယာဥ်များကိုလည်းအသုံးပြုနေကြောင်း သိရသည်။
Comments
Post a Comment