၇-၁၀ နိုဝင်ဘာ၊ ၂၀၂၁
မြန်မာပြည် အနောက်မြောက်တိုင်းစစ်ဒေသထဲတွင်ပါဝင်သော စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသများတွင် စစ်ကောင်စီက ရဟတ်ယာဥ်များအသုံးပြု၍ စစ်အင်အားဖြည့်တင်းမှုများ လေကြောင်းတိုက်ခိုက်ခြင်းများ ပြုလုပ်နေကြောင်း ဒေသခံကာကွယ်ရေးတပ်များက DVB ကို ပြောဆိုသည်။ စစ်ကိုင်းတိုင်း ကသာ ပင်လယ်ဘူး ဝန်သိုမြို့နယ်တို့တွင် စစ်အင်အားရာနှင့်ချီချထားကြောင်း မကွေးတိုင်း ယောနယ်အတွင်းတွင်လည်း စစ်ကားအစီး ၃၀ ကျော်ဖြင့် စစ်ကြောင်းစထိုးနေကြောင်းသိရသည်။ နိုဝင်ဘာလ ၇ ရက်နေ့တစ်ရက်တည်းတွင် ဒေသခံကာကွယ်ရေးတပ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏တိုက်ခိုက်မှုကြောင့် နိုင်ငံတစ်ဝန်း စစ်သား ၁၂၂ ဦးသေဆုံးခဲ့ကြောင်း Khit Thit က ဖော်ပြထားသည်။ နိုဝင်ဘာလ ၉ ရက်နေ့က ကသာမြို့နယ်တွင် KIA နှင့် KPDF တို့၏ မိုင်းခွဲတိုက်ခိုက်မှုကြောင့် ဗိုလ်မှူးအဆင့်အပါအဝင် စစ်သား ၄၀ မိုင်းထိသေဆုံးခဲ့ကြောင်း Khit Thit က ဖော်ပြထားသည်။
နိုဝင်ဘာ ၉ ရက်နေ့ နေ့လည်တွင် ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်းတွင် ရက္ခိုင့်တပ်တော်(AA)၏ နယ်မြေအတွင်းသို့ စစ်ကောင်စီတပ်များဝင်ရောက်လာသဖြင့် တစ်နှစ်နီးပါးကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း AA ပြောခွင့်ရသူ ဦးခိုင်သုခက Narinjara ကို အတည်ပြုပြောဆိုသည်။ တိုက်ပွဲအတွင်း လက်နက်ကြီးအသုံးပြုမှုများရှိခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရသူများရှိကြောင်းလည်း သိရသည်။ စစ်အုပ်စု၏ ပြောရေးဆိုခွင့်ရှိသူကမူ ARSA အဖွဲ့နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း RFA ကို ပြောဆိုခဲ့သည်။
ရှမ်းမြောက် ကိုးကန့်ဒေသတွင် စစ်ရေးတင်းမာမှုများကို လျေ့ာချရန်အတွက် ၎င်းတို့၏ တပ်ခွဲများအခြေစိုက်ရာ နေရာ ၃ ခုအား ဆုတ်ခွာရန် MNDAA က အမိန့်ပေးထားကြောင်း the Kokang က ဖော်ပြထားသည်။ ကိုဗစ်ရောဂါကာကွယ်ရေး ငြိမ်းချမ်းစွာဆွေးနွေးညှိနှိုင်းရေးနှင့် ၂ ဖက် သွေးထွက်သံယိုဖြစ်မှု လျော့ကျစေရေးတို့ကို ဆောင်ရွက်ရန် စစ်အုပ်စုကို တိုက်တွန်းနှိုးဆော်ကြောင်း MNDAA က ဖော်ပြထားသည်။
မကွေးတိုင်းရှိ ထီးလင်းပြည်သူ့ကာကွယ်ရေးတပ်၏ သတိပေးစာထုတ်ပြန်ပြီးနောက် နိုဝင်ဘာလ ၄ ရက်ကနေ ၇ ရက်အတွင်း ဌာနဆိုင်ရာဝန်ထမ်း ၃၀၀ ကျော် နှုတ်ထွက်စာတင်ခဲ့ကြောင်း ၎င်းတို့၏ လှုမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသည်။ နို၀င်ဘာလ ၇ ရက်နေ့က ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် စစ်အုပ်စုတပ်သားတစ်ဦးက အသက် ၆၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက Mizzima ကို ပြောဆိုခဲ့သည်။ အဆိုပါတပ်သားအား ၎င်း၏တပ်ရင်းက အရေးယူမှုမပြုသေးကြောင်းသိရသည်။
စစ်အုပ်စုခေါင်းဆောင်အား လူမှုကွန်ယက်စာမျက်နှာတွင် ဝေဖန်စာရေးသားခဲ့ခြင်းကြောင့် စစ်ဗိုလ်ချုပ်ဟောင်း ယခင် ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် ဖမ်းဆီးထိန်းသိမ်းခံရကြောင်း သတင်းများထွက်ပေါ်ခဲ့သော်လည်း အဆိုပါသတင်းများမှာ မှားယွင်းကြောင်း ၎င်း၏ လှုမှုကွန်ယက်စာမျက်နှာတွင် ပြန်လည်ရေးသားထားသည်။ ထို့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နယ်တွင် သိန္နီPDF က စစ်အုပ်စု၏ တိုက်လေယာဥ်အား ပစ်ချနိုင်ခဲ့ကြောင်း နိုဝင်ဘာလ ၉ ရက်နေ့ညက ၎င်းတို့၏ လှုမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသော်လည်း သတင်းအမှားသာဖြစ်ကြောင်း ပြန်လည်ပြင်ဆင်ခဲ့သည်။
မြန်မာပြည်သူ ၃ သန်းခန့်သည် အရေးပေါ်လူသားချင်းစာနာမှုအကူအညီလိုအပ်နေကြောင်း ကုလသမဂ္ဂအကူအညီပေးရေးအကြီးအကဲ Martin Graffiths က သတိပေးပြောဆိုခဲ့သည်ဟု BBC က ဖော်ပြထားသည်။ အာဏာသိမ်းပြီး တိုက်ပွဲများကြောင့် ချင်း မကွေး စစ်ကိုင်းနှင့် ကယာပြည်နယ်တို့တွင် စစ်ဘေးရှောင် သိန်းချီတိုးပွားလာခဲ့သည်။
နိုဝင်ဘာ ၉ ရက်နေ့တွင် ထိုင်းမြန်မာနယ်စပ်အနီး ထိုင်းနယ်နိမိတ်အတွင်း အထောက်အထားမဲ့ တရားမဝင် ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမား ၂၁၈ ဦးကို ထိုင်းလုံခြုံရေးအဖွဲ့တွေက ဖမ်းဆီးရမိကြောင်း Than Lwin Times ကဖော်ပြထားသည်။ ၎င်းတို့သည် ပွဲစားများအား ခရီးစရိတ်အဖြစ် တစ်ဦးလျင် ဘတ် ၂၅၀၀၀ မှ ဘတ် ၂၆၀၀၀ အထိ ပေးခဲ့ရကြောင်းလည်း သိရသည်။
အမေရိကန်သတင်းသမား Danny Fenster ကို စစ်အုပ်စုက နိုဝင်ဘာ ၉ ရုံးချိန်တွင် တစ်သတ်တစ်ကျွန်းအထိကျခံရနိုင်သော နိုင်ငံတော်အကြည်ညိုပျက်စေမှုဆိုင်ရာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၂၄-က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(က) တို့ဖြင့် ထပ်မံအမှုဖွင့်လိုက်ကြောင်း သိရသည်။ အင်းစိန်ထောင်၌ ဖမ်းဆီးထိန်းသိမ်းခံထားရသော ၎င်းအား ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅−က မတရားအသင်းဆက်သွယ်မှုဥပဒေပါ ပုဒ်မ၁၇(၁) နှင့် လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေပါ ပုဒ်မ ၁၃ (၁)တို့ဖြင့် စစ်အုပ်စုက တရားစွဲဆိုထားပြီးဖြစ်သည်။ NLD အစိုးရ၏ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို စစ်အုပ်စုက အဂတိအမှု ၅ မှုအတွက် ထောင်ဒဏ် ၇၅ နှစ် ချမှတ်ပြီး စည်ပင်ဝန်ကြီး ဦးသန်းနိုင်ကိုလည်း အလားတူပုဒ်မများဖြင့် ထောင်ဒဏ် ၉၀ နှစ် ချမှတ်ခဲ့သည်။
Comments
Post a Comment