၂၁-၂၅ နိုဝင်ဘာ၊ ၂၀၂၁
ဇွန်မှ နိုဝင်ဘာ ၂၀ ရက်အထိ ငါးလတာကာလအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲများကြောင့် လူနေအိမ် ၈၇၅ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံရပြီး ချင်းပြည်နယ်တွင် ၄၄၇ လုံးနှင့် မကွေးတိုင်းတွင် ၃၂၈ လုံးရှိကြောင်း နိုဝင်ဘာလတစ်လအတွင်း စစ်ဘေးရှောင်ပြည်သူ ၅၃,၀၀၀ ကျော် တိုးလာကြောင်း ISP-Myanmar က ဖော်ပြထားသည်။ အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်တွင် ဘာသာရေးအဆောက်အအုံးပေါင်း ၃၀ နီးပါး မီးရှို့ခံခဲ့ရကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့က RFA ကိုပြောဆိုခဲ့သည်။ နိုဝင်ဘာလ ၂၄ ရက်နေ့က ထန်ထလန်မြို့တွင် ဘုရားကျောင်းတခုအပါအဝင် နေအိမ် ၄၉ လုံးမီးလောင်ကျွမ်းခဲ့ကြောင်း Chindwin News က ဖော်ပြထားသည်။ ၎င်းတို့၏ တပ်သားများသည် လူနေအိမ်များ ဘာသာရေးအဆောက်အအုံများအား မီးရှို့ခြင်းမရှိကြောင်း စစ်အုပ်စုက အစဥ်အမြဲငြင်းဆန်လျက်ရှိသည်။
နိုဝင်ဘာလ ၂၂ ရက်နေ့က ကရင်နီပြည်နယ် လွိုင်ကော်မြို့တွင် ခရစ်တော်ဘုရင် ဗဟိုဘုရားကျောင်းအတွင်းဖွင့်လှစ်ထားသော ဂရုဏာဆေးပေးခန်းကို စစ်အုပ်စု ၂၀၀ ဝန်းကျင်ခဲ့ စီးနင်းခဲ့ပြီး ကျောင်းထိုင်ဆရာတော် အပါအဝင် အခမဲ့ဆေးကုပေးနေသော ဆရာဝန်များ သူနာပြုများ စုစုပေါင်း ၁၈ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ၎င်းတို့အား နောက်တစ်ရက်တွင် ပြန်လွှတ်ပေးခဲ့သော်လည်းဘဲ တရားမဝင်ဆေးကုခြင်းကြောင့် အမှုဖွင့်ထားကြောင်း စစ်အုပ်စု၏ မီဒီယာကထုတ်လွှင့်ကြေညာခဲ့သည်။ အဆိုပါအခမဲ့ဆေးပေးခန်းသည် ဆင်းရဲချို့တဲ့သူများအား ကုသပေးနေသည်မှာ ၂၃ နှစ်ခန့်ရှိနေပြီဖြစ်ကြောင်း Kantarawaddy Times က ဖော်ပြထားသည်။
နိုဝင်ဘာ ၂၃ ရက်နေ့က စစ်ကိုင်းတိုင်း မုံရွာမြို့နယ်ရှိ PDF တပ်ခွဲစခန်းတစ်ခုနဲ့ မဟာမိတ်စခန်းတခုကို စစ်ကောင်စီတပ်များက ၀င်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးသွားကြောင်း DVB က ဖော်ပြထားသည်။ နိုဝင်ဘာ ၁၃ ရက်က ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်မြို့နယ်ရှိ ကျေးရွာတစ်ခုတွင် မန္တလေး မကွေးနှင့် စစ်ကိုင်းတိုင်းတို့ရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့များထံ ရောင်းချရန် စုဆောင်းထားသည့် လက်နက်များအမျိုးအစား ၅၀ ကျော် ဖမ်းဆီးရမိကြောင်း စစ်ကောင်စီက နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ကြေညာခဲ့သည်။
နိုဝင်ဘာ ၂၁ ရက်နေ့က စစ်ကောင်စီခန့်ထားသော ကရင်ပြည်နယ်ဝန်ကြီးချုပ် စောမြင့်ဦး၏ ယာဉ်တန်း ဘာအံမြို့နယ်တွင် မိုင်းဆွဲခံရကြောင်း Khit Thit က ဖော်ပြထားသည်။ နိုဝင်ဘာလ ၂၅ ရက်နေ့က ကရင်နီပြည်နယ် လွိုင်ကော်မြို့ရှိ ဓာတ်အားပေး တာဝါတိုင်ကြီး ၂ ခု အား အမည်မသိအဖွဲ့တစ်ခုက ဗုံးဖောက် ဖျက်ဆီးခဲ့ကြောင်းသိရသည်။ NUG သည် ရံပုံငွေရှာဖွေသည့်အနေဖြင့် ငွေတိုက်စာချုပ်များအား နိုဝင်ဘာလ ၂၂ ရက်နေ့က စတင်ရောင်းချခဲ့ပြီး ၂၄ နာရီအတွင်း ဒေါ်လာ၉သန်းခွဲဖိုး ရောင်းချပြီးဖြစ်ကြောင်း People’s Voice TV က ဖော်ပြထားသည်။ အဆိုပါ ငွေတိုက်စာချုပ်အား ဒေါ်လာ ၁၀၀ မှစ၍ ဒေါ်လာ ၅၀၀၀ ဖိုးအထိ ဝယ်ယူနိုင်ကြောင်း သိရသည်။
နိုဝင်ဘာလ ၂၃ ရက်မှ ၂၅ ရက်ထိ သုံးရက်ကြာကျင်းပမည့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အာဆီယံညီလာခံသို့ NUG ၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး Dr. Tu Hkawng အား တက်ရောက်ဆွေးနွေးရန်ဖိတ်ကြားခဲ့ကြောင်း သိရသည်။ သို့သော် တရုတ်-အာဆီယံ ထိပ်သီးအစည်းအဝေးတွင် မြန်မာစစ်အာဏာသိမ်းခေါင်းဆောင်အား အာစီယံနိုင်ငံအချို့၏ ကန့်ကွက်မှုကြောင့် တက်ရောက်ခွင့်မပေးခဲ့ကြောင်း Irrawaddy ကဖော်ပြထားသည်။ အလားတူပင် နိုင်ငံပေါင်း ၅၁ နိုင်ငံ ပါဝင်သည့် ၁၃ ကြိမ်မြောက် အာရှ-ဥရောပ ထိပ်သီးအစည်းအဝေးတွင်လည်း မင်းအောင်လှိုင်ကို ဖိတ်ကြားခြင်းမရှိကြောင်း သိရသည်။
Comments
Post a Comment