၂၆-၃၀ နိုဝင်ဘာ၊ ၂၀၂၁

 

နိုဝင်ဘာလ ၂၅ ရက်နေ့အထိ NLD လွတ်တော်ကိုယ်စားလှယ်များနှင့် ပါတီထောက်ခံသူစုစုပေါင်း ၅၅ ဦး၏ နေအိမ်များအား စစ်အုပ်စုက ချိတ်ပိတ်ထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD Central Working Committee က ထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် NLD ပါတီဝင်များ၏ နေအိမ်အများအပြားအား ဝင်ရောက်စီးနင်းပြီးနောက် နေအိမ်အတွင်းရှိ ပစ္စည်းတွေ သိမ်းယူသွားခြင်း မီးရှို့ဖျက်ဆီးခြင်းတို့ကိုလည်း လုပ်ဆောင်လျက်ရှိနေကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နှင့် ပုဒ်မ ၅၀၅(ခ)တို့ဖြင့် တရားစွဲဆိုခံထားရသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့အား ယနေ့ နိုဝင်ဘာ၃၀ရက်တွင် နေပြည်တော်အထူးတရားရုံးက အပြီးသတ်အမိန့်ချရန်သတ်မှတ်ထားသော်လည်းဘဲ နောက်တစ်ပတ် ဒီဇင်ဘာလ ၆ ရက်နေသို့ ရွှေ့ဆိုင်းလိုက်ကြောင်း BBC က ဖော်ပြထားသည်။
RFA ၏ အချက်အလက်စုဆောင်းမှုများအရ အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျူးလွန်သော မုဒိမ်းမှု ၁၀ ခုခန့်ရှိကြောင်းလည်း သိရသည်။ မီဒီယာများမသိရှိသော အမှုပေါင်းများစွာလည်းရှိနိုင်ကြောင်း RFA က ဖော်ပြထားသည်။ ထို့အပြင် လူမှုကွန်ယက်တွင် ပြန့်နှံ့လာသော စစ်အုပ်စု၏ တပ်တွင်းစာတစောင်တွင် ဗိုလ်မှူးအဆင့်အထိပါဝင်ပတ်သက်နေသော တပ်အတွင်းရှိ မုဒိမ်းမှုနှင့် လူမှုရေးဖောက်ပြန်မှု ၅ မှု အကြောင်းဖော်ပြထားပြီး အလားတူဖြစ်ရပ်များ မဖြစ်ပွားစေရန် ညွှန်ကြားထားသည်ကိုတွေ့ရသည်။
နိုဝင်ဘာ ၁၆ ရက်နေ့က ဖမ်းဆီးခံထားရသော ကလေး PDF တပ်ရင်း ၃ မှ ဆေးတပ်သား အမျိုးသမီး ၉ ဦးကို စစ်အုပ်စုက ကလေးထောင်ကို ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း ကလေး PDF အဖွဲ့ဝင် တစ်ဦးက Burma VJ သို့ အတည်ပြုပြောဆိုခဲ့သည်။ ၎င်းတို့ ဖမ်းဆီးခံရပြီးနောက် အသက်အန္တရာယ်နှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမည်ကို ပြည်သူအများအပြားက စိုးရိမ်နေကြခြင်းဖြစ်သည်။ နိုဝင်ဘာ ၂၇ ရက် ညနေက ချင်းပြည်နယ် ထန်တလန်မြို့တွင် ဒုတိယအကြိမ်အကြီးစားမီးလောင်မှုဖြစ်ပွားခဲ့ပြီး St. Nicolas Catholic ဘုရားကျောင်းအပါအဝင် နေအိမ် ၉၆ လုံးမီးလောင်ပျက်စီးသွားကြောင်း ထန်တလန်မြို့နယ်နေရာချထားရေးကော်မတီက ထုတ်ပြန်ထားသည်။ စက်တင်ဘာ ၉ ရက်ကစပြီး နိုဝင်ဘာ ၂၇ ရက် အထိ ထန်တလန်မြို့တွင် မီးလောင်မှု ၉ ကြိမ်ဖြစ်ပွားခဲ့ပြီး ဘာသာရေးအဆောင်အအုံများအပါအဝင် နေအိမ် ၃၀၀ ကျော်ပျက်စီးဆုံးရှုံးခဲ့ရကြောင်း CNF တာဝန်ရှိသူတစ်ဦးက DVB ကို ပြောဆိုသည်။
နိုဝင်ဘာ ၂၆ က နေပြည်တော်တွင် ပြုလုပ်ခဲ့သော စစ်ကောင်စီသတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူက MNDAA ကိုးကန့် အဖွဲ့နှင့် စစ်ကောင်စီအကြား အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် တိုက်ပွဲအများအပြားဖြစ်ပွားခဲ့ပြီး တိုက်ပွဲများအတွင်း MNDAA ဘက်က လက်နက်ငယ် ကျည် ၂ သိန်းခန့်အပါအဝင် RPG ဗုံးသီး ၅၃၀၀ ကျော်နှင့် ၁၀၇ မမ ဒုံးသီး ၄၀ ကျော် အသုံးပြုတိုက်ခိုက်ခဲ့ခြင်းသည် သံသယရှိဖွယ်ဖြစ်ကြောင်း လက်နက်ခဲယမ်းများ၏ အရင်းအမြစ်ကို ဆက်စပ်ဖေါ်ထုတ်ရန် လိုအပ်နေကြောင်း ပြောဆိုခဲ့သည်။
နိုဝင်ဘာလ ၂၇ ရက်နေ့က စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်တွင် ဖြစ်ပွားခဲ့သောတိုက်ပွဲတွင် စစ်အုပ်စုသည် စစ်ရဟတ်ယာဉ် ငါးစင်းအထိ အသုံးပြု ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Mizzima က ဖော်ပြထားသည်။ စစ်အုပ်စုသည် ပြည်သူ့ကာကွယ်ရေးတပ်များ၏ မိုင်းခွဲတိုက်ခိုက်မှုများကြောင့် တပ်အင်အားဖြည့်တင်းမှုများအား လေကြောင်းမှ အများအပြားပြုလုပ်နေခြင်း ဖြစ်သည်။
မကွေးတိုင်း ဂန့်ဂေါမြို့နယ်တွင် စစ်ကောင်စီတပ်သားများက ရွာသား (၁၈) ဦးကို နို၀င်ဘာ(၂၇)ရက်နေ့က ဖမ်းဆီးခဲ့ပြီး ၎င်းတို့အနက် (၆)ဦးကို သတ်ပစ်ခဲ့ကြောင်း ဒေသခံတစ်ဦးက Khit Thit သို့ပြောဆိုသည်။ နိုဝင်ဘာ ၃၀ ရက်နေ့က စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့နယ်တွင် ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ နှင့်အမတ်လောင်းတစ်ဦးဖြစ်သူ ဦးဝင်းသိန်းအား အမည်မသိ သေနတ်သမားတစ်ချို့က လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း Khit Thit က ဖော်ပြထားသည်။
AA က ပြန်လွှတ်ပေးခဲ့သည့် စစ်သုံ့ပန်းများကို စစ်အုပ်စုက ပြန်ဖမ်းဆီး၍ တပ်တွင်း ထောင်ချထားကြောင်း CDM ပြုလုပ်ထားသော ဗိုလ်ကြီးဇင်ယော်က တပ်တွင်း စာရွက်စာတမ်းများနှင့်တကွ ၎င်း၏လှုမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသည်။ နိုဝင်ဘာလ ၁၅ ရက်နေ့က စစ်သားနှင့် ရဲ စစ်သုံ့ပန်း ၁၅ ဦးကို လူသားချင်းစာနာထောက်ထားမှုအရ ပြန်လွှတ်ပေးခြင်းဖြစ်ကြောင်း AA က ဖော်ပြထားသည်။ စစ်အုပ်စုနှင့် ရက္ခိုင့်တပ်တော်(AA)တို့အကြား ယာယီအပစ်အခတ်ရပ်စဲထားသော်လည်းဘဲ နှစ်ဖက် အပစ်အခတ်ရပ်စဲရေးစာချုပ် ရေးထိုးနိုင်ရန်မှာ လက်ရှိနိုင်ငံအတွင်းဖြစ်ပွားနေသော နိုင်ငံရေးအခြေအနေများကြောင့် မဖြစ်နိုင်သေးကြောင်း AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က CNI News သို့ပြောဆိုခဲ့သည်။

Comments

Popular Posts