၆-၁၁ ဒီဇင်ဘာ၊ ၂၀၂၁

 

ကမ္ဘာ့လူ့အခွင့်အရေးနေ့ဖြစ်သော ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် မြန်မာနိုင်ငံအနှံ့ရှိ မြို့ကြီးများတွင် ကျဆုံးသွားသော ပြည်သူများအား အမှတ်ရသည့်အနေဖြင့် #SilentStrike ကို ပြုလုပ်ခဲ့ကြသည်။ Data for Myanmar ၏ ပြုစုထားသောစာရင်းအရ တနိုင်ငံလုံး၏ တဝက်ခန့်ဖြစ်သော မြို့နယ်ပေါင်း အနည်းဆုံး ၁၆၇ မြို့နယ်သည် Silent Strike တွင်ပါဝင်ခဲ့ကြောင်း သိရသည်။ ထို့အပြင် အင်းစိန်ထောင်နှင့် ပုသိမ်ထောင်အတွင်းရှိ အကျည်းသားများကလည်း silent strike တွင် ပါဝင်ဆန္ဒပြခဲ့ကြောင်း Mizzima က ဖော်ပြထားသည်။
ဒီဇင်ဘာလ ၇ ရက်နေ့က စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ဒုန်းတောကျေးရွာတွင် စစ်အုပ်စုတပ်သားများသည် အသက်(၁၈) နှစ်မပြည့်သေးသော ကလေး (၅) ဦးပါဝင် အရပ်သား ၁၁ ဦးအား အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ရွာသားများက Myanmar Now ကိုပြောဆိုသည်။ အဆိုပါဖြစ်စဥ်မတိုင်မှီ ရက်အနည်းငယ်ကလည်း စစ်ကိုင်းတိုင်း ကလေးမြို့နယ်တွင် အရပ်သား ၂ ဦးအား စစ်အုပ်စုတပ်သားများက မီးရှို့သတ်ဖြတ်မှု ဖြစ်ပွားခဲ့သေးသည်။
ဒီဇင်ဘာ ၉ ရက်နေ့က စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ဗိုလ်အဆင့်ရှိသူအပါအဝင် ၂၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အဆိုပါဒေသရှိ PDF များက ထုတ်ပြန်ခဲ့သည်။ စစ်အုပ်စုသည် တပ်သားလိုအပ်ချက်အရ ရဲတပ်ဖွဲ့ဝင်များ၏ ဇနီးမယားများကို စစ်သင်တန်း မတက်မနေမရတက်ရန် ညွန်ကြားလာသည်ဟု နေပြည်တော်တွင် တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက Mizzima ကိုပြောဆိုသည်။ ထို့အပြင် တပ်သားများ၏ ၈ တန်းအရွယ်မှစ၍ သားသမီးများကိုလည်း စစ်သင်တန်းများတက်ရောက်ရန် စေခိုင်းထားကြောင်း သတင်းများထွက်ပေါ်လာသည်။
နိုဝင်ဘာလအတွင်း ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)ထိန်းချုပ်နယ်မြေထဲ စစ်အုပ်စုတပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲ ၂၀၀ ကျော်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က တပ်ရင်းမှူး ၁ ဦး ဒုတပ်ရင်းမှူး ၁ ဦးအပါအဝင် ၁၉၀ သေဆုံးကြောင်း ၎င်းတို့ဘက်က ၇ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း KNU က ထုတ်ပြန်ထားသည်။ ကရင်ပြည်နယ်တွင်ဖြစ်ပွားနေသောတိုက်ပွဲများတွင် KNU တပ်သားများနှင့်အတူ PDF တပ်ဖွဲ့ဝင်များလည်း ပါဝင်လာပြီဖြစ်ကြောင်း KNU ဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ စစ်ကိုင်းတိုင်း ကလေးမြို့တွင် CDM ရဲတပ်ဖွဲ့ဝင်များဖြင့် Kalay Police Service အားဖွဲ့စည်းလိုက်ပြီး ဂန့်ဂေါခရိုင်အတွင်းရှိ မြို့နယ်ငါးခုတွင် ဒုစရိုက်မှုများကို နှိမ်နှင်းခြင်းနှင့် ပြည်သူ့ဘဝလုံခြုံရေးလုပ်ငန်းစဉ်များကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်ခဲ့သည်။
ရိုဟင်ဂျာဆန့်ကျင်ရေး အမုန်းစကား ပြန့်ပွားမှုတွေကို ထိန်းချုပ်ဖို့ ပျက်ကွက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ဖြင့် အမေရိကန်နိုင်ငံတွင် ရိုဟင်ဂျာများ၏ တရားစွဲဆိုမှုကိုခံနေရသော Facebook @ Meta က စစ်အုပ်စုပိုင် Telecom လုပ်ငန်းဖြစ်သည့် Mytel အပါအဝင် ၎င်းနှင့်ဆက်စပ်လျက်ရှိသော စီးပွားရေးလုပ်ငန်းများများ၏ ဒီဇင်ဘာလ ၈ ရက်နေ့က လူမှုကွန်ရက်စာမျက်နှာများကို ဖယ်ရှားလိုက်သည်။ NUG ၏ Ministry of Planning, Finance, and Investment က ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် USD Tether (USDT) crytocurrency ကို ပြည်တွင်းသုံးစွဲမှုအတွက် တရားဝင်အသိအမှတ်ပြုကြောင်း ကြော်ငြာလိုက်သည်။ ယခင်ကလည်း crytocurrency များဖြင့် ၎င်းတို့အား လှူဒါန်းမှုများပြုလုပ်နိုင်ကြောင်း NUG ၏ ကြေညာခဲ့ဘူးသည်။
အရပ်ဘက် အဖွဲ့အစည်း ၂၅၅ ဖွဲ့က စစ်အုပ်စုနှင့် MOU ရေးထိုးရန်ပြင်ဆင်လျက်ရှိသော UN နှင့် INGO အဖွဲ့အစည်းအချို့အား ၎င်းတို့၏ လုပ်ဆောင်မှုများအား ရပ်တန့်ရန် ကမ္ဘာ့လူ့အခွင့်အရေးနေ့ဖြစ်သော ဒီဇင်ဘာလ ၁၀ ရက်နေ့က အိတ်ဖွင့်ပေးစာပေးပို့ခဲ့သည်။ ထို့အပြင် ကရင် မန္တလေး ကချင်ဝန်ကြီးချုပ် သုံးဦးအပါအဝင် စစ်အုပ်စုပိုင်စီးပွားရေးလုပ်ငန်းအချို့အား အမေရိကန်အစိုးရက အရေးယူပိတ်ဆို့မှု ပြုလုပ်လိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

Comments