၁-၅ ဒီဇင်ဘာ၊ ၂၀၂၁
ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်တွင် ဒီဇင်ဘာ ၅ ရက်နေ့ မနက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒပြနေသူများကို စစ်အုပ်စုက ကားဖြင့်ဝင်တိုက်ပြီး ပစ်ခတ်ဖမ်းဆီးခဲ့သဖြင့် ဆန္ဒပြလူငယ် ငါးဦးခန့်သေဆုံးကာ ၁၅ ဦးခန့်ဖမ်းဆီးခံခဲ့ရကြောင်း မျက်မြင်သက်သေများက Myanmar Now ကိုပြောဆိုသည်။ အဆိုပါ လက်နက်မဲ့ပြည်သူများအား အကြမ်းဖက်ဖြိုခွင်းမှုအပေါ် အဖွဲ့အစည်းများက ကန့်ကွက်ရှုတ်ချနေကြပြီး NUG ၏ ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က အဆိုပါလုပ်ရပ်အတွက် စစ်အုပ်စုကို လက်တုံ့ပြန်သွားမည်ဟု သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါဖြစ်ရပ်ဖြစ်ပွားပြီး နာရီပိုင်းအကြာတွင် စစ်အုပ်စုအား သတင်းပေးသူဟု နာမည်ထွက်နေသူတစ်ဦးအား အမည်မသိ သေနတ်သမားတစ်ဦးက ၎င်း၏နေအိမ်အနီးတွင် လုပ်ကြံသတ်ဖြတ်လိုက်ကြောင်း Mizzima က ဖော်ပြထားသည်။
စစ်ကိုင်းတိုင်း မြောင်မြို့နယ်တွင် စစ်တပ်ပိုင်သင်္ဘော ၂ စီးကို ၎င်းတို့၏ တပ်များက သိမ်းပိုက်လိုက်ပြီး မြို့အဝင်အထွက်လမ်းကြောင်းများကို ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း Civilian’s Defence and Security Organization of Myaung က ဒီဇင်ဘာလ ၄ ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ၎င်းတို့အနေဖြင့် ပြည်သူများထံမှ အခွန်ကောက်ခံခြင်းနှင့် လာဘ်ပေးလာဘ်ယူများလုံးဝပြုလုပ်မည်မဟုတ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ ထို့အပြင် ဒီဇင်ဘာ ၃ ရက်နေ့က စစ်ကိုင်းတိုင်း ရေစကြိုမြို့နယ်တွင် စစ်မှုထမ်းဟောင်း လက်နက်ကိုင် ပျူစောထီးခေါင်းဆောင်ဖြစ်သူတစ်ဦးအား ဒေသခံကာကွယ်ရေးတပ်များက လုပ်ကြံလိုက်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
စစ်အုပ်စုသည် ပြည်သူများ အင်တာနက်အသုံးပြုမှု လျော့နည်းစေရန်ရည်ရွယ်ပြီး အင်တာနက်အော်ပရေတာများအား အင်တာနက်အသုံးပြုခတိုးမြှင့်ကောက်ခံရန် ညွှန်ကြားထားကြောင်း Burma VJ က ဖော်ပြထားသည်။ ထို့ကြောင့် အော်ရီဒူး အော်ပရေတာက ဒီဇင်ဘာ ၈ ရက်ကစပြီး စစ်အုပ်စု၏ ညွှန်ကြားချက်အရ Supernet wifi လစဥ်ကြေးအား ၇၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံတော့မည်ဖြစ်ကြောင်း သုံးစွဲသူများအား အသိပေးခဲ့သည်။
NUG ၏ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက နွေဦးတော်လှန်ရေးရန်ပုံငွေအဖြစ် အထူးငွေတိုက်စာချုပ်များအား စတင်ရောင်းချခဲ့သည့် တစ်ပတ်တာကာလအတွင်း အမေရိကန် ဒေါ်လာ ၁၅ သန်းဖိုးခန့် ရောင်းချနိုင်ခဲ့ကြောင်း RFA က ဖော်ပြထားသည်။ PDF-Zoland ဦးဆောင်သူ Cin Sian Sum သည် ဒီဇင်ဘာ ၅ ရက် မနက်က တီးတိန်မြို့ ချင်းပြည်နယ်တွင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။ ၎င်းကို လုပ်ကြံသော သေနတ်သမားများမှာ မြန်မာ အိန္ဒိယနယ်စပ်တွင်လှုပ်ရှားနေသော Zomi Revolutionary Army မှ ဖြစ်သည်ဟု ဒေသခံများက Zalen Media ကို ပြောဆိုခဲ့သည်။
ဒီဇင်ဘာလ ၁ ရက်နေ့က ဖြစ်ပွားခဲ့သော စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ်ရှိ တိုက်ပွဲများတွင် စစ်တပ်ဘက်မှ အရာရှိများအပါအဝင် ၃၂ ဦး သေဆုံးပြီး လက်နက်များအား KIA နှင့် ဒေသခံကာကွယ်ရေးတပ်များက သိမ်းဆည်းရမိခဲ့ကြောင်း Khit Thit က ဖော်ပြထားသည်။ နိုဝင်ဘာလအတွင်း ရှမ်းပြည်နယ် မြောက်ပိုင်းတွင် စစ်အုပ်စုတပ်နှင့် တိုက်ပွဲ ၁၂၆ ကြိမ်ဖြစ်ခဲ့ဟု MNDAA ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါတိုက်ပွဲများအတွင်း စစ်အုပ်စုဖက်က လက်နက်ကြီး အကြိမ် ၂၃၀၀ ကျော် ပစ်ခတ်ခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ KNU ထိန်းချုပ်နယ်မြေဖြစ်သော ဖာပွန်ဒေသအတွင်းတွင် စစ်အုပ်စုတပ်သားများသည် တပ်စခန်း ၁၁ ခုကို စွန့်ခွာထွက်ပြေးခဲ့ပြီး တပ်ပြေး စုစုပေါင်း ၂၈ ဦးရှိကြောင်း ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ယက် (KPSN) က ဖော်ပြထားသည်။
ကုလသမဂ္ဂတွင် စစ်ကောင်စီကို နိုင်ငံကိုယ်စားပြုခွင့်မပေးရန် Credential Committee က ဆုံးဖြတ်လိုက်ပြီး NUG ၏ သံအမတ်ကြီးဦးကျော်မိုးထွန်းက ဆက်လက်ကိုယ်စားပြုခွင့်ပေးရန် Committee ၏ ဥက္ကဌဖြစ်သူ ဆွီဒင်နိုင်ငံသံအမတ်က တရားဝင်ကြေညာလိုက်ပြီဖြစ်သည်။ စစ်ကိုင်းတိုင်း မြို့နယ် ၄ ခုတွင် တိုက်ပွဲများကြောင့် ပြည်သူ ၂၆,၀၀၀ ကျော် ထပ်မံနေရပ်စွန့်ခွာခဲ့သဖြင့် တိုက်ပွဲရှောင်ပြည်သူ စုစုပေါင်း ၄၁၀၀၀ ကျော်ရှိနေပြီဖြစ်ကြောင်း ဒီဇင်ဘာလ ၁ ရက်နေ့က UNOCHA ထုတ်ပြန်ခဲ့သည်။
Comments
Post a Comment