၁၂-၁၇ ဒီဇင်ဘာ၊ ၂၀၂၁

 

ဒီဇင်ဘာလ ၁၅ ရက်နေ့ညနေမှစ၍ ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် ၉ မိုင်အကွာအဝေးရှိ လေးကေ့ကော်မြို့သစ်တွင် စစ်အုပ်စုတပ်များနှင့် KNU တပ်ဖွဲ့များတိုက်ပွဲ စတင်ဖြစ်ပွားနေကြောင်း သိရသည်။ KNU ထိန်းချုပ်ထားသော အဆိုပါမြို့သစ်တွင် လာရောက်ခိုလှုံလျက်ရှိသော CDM ဝန်ထမ်းများနှင့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး အပါအဝင် ပြည်သူ ၃၀ ခန့်အား စစ်အုပ်စုတပ်များက ဖမ်းဆီးပြီးနောက် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ KNU တပ်များ၏ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် တိုက်ပွဲအတွင်း စစ်အုပ်စုဘက်မှ ဗိုလ်မှူးကြီးအဆင့်ရှိ ဗျူဟာမှူးနှင့် အရာရှိအချို့အပါအဝင် ၁၈ သေဆုံးခဲ့ကြောင်း ၈ ဦးအား အရှင်ဖမ်းမိထားကြောင်း သတင်းများလည်းထွက်ပေါ်နေသည်။
တိုက်ပွဲကြောင့် အနီးအနားရွာများရှိ ဒေသခံ ၃၀၀၀ ခန့်စစ်ရှောင်နေရပြီး ၁၀၀၀ ခန့်သည် ထိုင်းနိုင်ငံဖက်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း KIC Media က ဖော်ပြထားသည်။ စစ်အုပ်စုဘက်ကပစ်သော လက်နက်ကြီးကျည်များ ထိုင်းနိုင်ငံဖက်သို့ ကျရောက်ခဲ့သဖြင့် စစ်ဘေးရှောင်တချို့ ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းစစ်တပ်က မြန်မာဘက်ကို ပြန်လည်ပစ်ခတ်မည်ဟု သတိပေးထားကြောင်းလည်း သတင်းများထွက်ပေါ်လျက်ရှိသည်။
ဒီဇင်ဘာ ၁၅ ရက်နေ့က ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ် (NDAA) အုပ်ချုပ်သော မိုင်းလားမြို့တွင် FPNCC အဖွဲ့ဝင် လက်နက်ကိုင်အဖွဲ့များနှင့် စစ်အုပ်စု၏ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးနေကြောင်း သတင်းများ ထွက်ပေါ်နေသည်။ FPNCC အဖွဲ့ဝင် ၇ ဖွဲ့အနက် KIA မှလွဲ၍ ကျန်သည့်အဖွဲ့များက ကိုယ်စားလှယ်များစေလွှတ်ထားကြောင်း အဆိုပါအစည်းအဝေးအား တရုတ်နိုင်ငံ၏ ကြားဝင်စီစဥ်မှုကြောင့် အဆိုပါအဖွဲ့များက တက်ရောက်ရခြင်းဖြစ်ကြောင်း ၎င်းအဖွဲ့များနှင့် နီးစပ်သူတစ်ဦးက Tachileik News Agency ကို ပြောဆိုသည်။
ဒီဇင်ဘာ ၁၀ ရက်နေ့က ပြုလုပ်သော Silent Strike တွင်ပါဝင်ခဲ့ကြသော အင်းစိန်ထောင်မှ အကျဥ်းသား ၈၉ ဦးအား ထောင်စောင့်များ၏ ရိုက်နှက်မှုများ ပြုလုပ်ခဲ့ကြောင်း အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုပြုလုပ်ကြောင်း ကျောင်းသားသမဂ္ဂမှ ကျောင်းသားများကိုလည်း ပြင်းထန်စွာရိုက်နက်ပြီး တိုက်ပိတ်ထားကြောင်း Khit Thit က ဖော်ပြထားသည်။ ရန်ကုန်မြို့တွင် Silent Strike ပြုလုပ်မှုပုံရိပ်များအား ဓာတ်ပုံရိုက်ခဲ့သော အလွတ်တမ်းသတင်းထောက် ကိုစိုးနိုင်သည် စစ်အုပ်စုများ၏ ဖမ်းဆီးခံရပြီးနောက် ၃ ရက်မြောက်နေ့တွင် စစ်ကြောရေးစခန်း၌ သေဆုံးသွားကြောင်း မိသားစုဝင်နှင့် နီးစပ်သူများက Burma Associated Press ကို ပြောဆိုသည်။
ဒီဇင်ဘာ ၁၁ ရက်နေ့က စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ရှိ နဂါးတွင်းကျေးရွာတွင် စစ်အုပ်စုတပ်သားများက ရွာသား ၆ ဦးကို သတ်ဖြတ်ခဲ့ပြီး နေအိမ်များအား ဖျက်ဆီးခဲ့ကြောင်း Irrawaddy က ဖော်ပြထားသည်။ ဒီဇင်ဘာ ၁၂ ရက်က စစ်ကိုင်းတိုင်းအတွင်းရှိ PDF များ၏ ခြုံခိုတိုက်ခိုက်မှုကြောင့် ချင်းတွင်းမြစ်အတွင်း ကျောက်စိမ်းများနှင့် အခြားသော စစ်အုပ်စု၏ ထောက်ပို့ပစ္စည်းတွေကို သယ်ဆောင်သော သင်္ဘောတစ်ဦး ပျက်စီးခဲ့ကြောင်း Burma VJ က ဖော်ပြထားသည်။ NUG ၏ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ကာကွယ်ရေးဝန်ကြီး၏ ဖော်ပြချက်အရ နိုဝင်ဘာလ ၇ ရက်နေ့မှ ဒီဇင်ဘာလ ၆ ရက်နေ့ထိ ၁ လတာကာလအတွင်း တိုက်ပွဲများအတွင်း စစ်အုပ်စုအဖွဲ့ဝင် ၂၁၁၇ သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၆၈၂ ယောက် ရှိခဲ့ကြောင်း သိရသည်။
မကွေးတိုင်း ပေါက်မြို့နယ်တွင် ပညာရေး၀န်ထမ်း ဆရာ ဆရာမ ၁၅ ဦး CDM ပြုလုပ်သည်ဟုဆိုကာ ပညာရေးမှူးရုံးသို့ စာတင်အကြောင်းကြားခဲ့ကြောင်း ဒေသခံများထံက Irrawaddy ကို ပြောဆိုသည်။ ဒီဇင်ဘာလ ၁၂ ရက်နေ့က NUG ၏ ယာယီသမ္မတက စစ်အာဏာရှင်စနစ်ပြုတ်ကျရေး တော်လှန်ရေး ခရီးစဉ်တွင် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA) နှင့်အတူ လက်တွဲကြိုးပမ်းလုပ်ဆောင်လိုကြောင်း ပြောဆိုခဲ့သည်။

Comments

Popular Posts