၅-၁၀ ဇန်နဝါရီ၊ ၂၀၂၂

 

ဇန်နဝါရီလ ၇ ရက်နေ့ကမှစတင်ပြီး ကရင်နီပြည်နယ် မြို့တော်လွိုင်ကော်အနီးတဝိုက်တွင် စစ်ကောင်စီတပ်များနှင့် ဒေသခံပူးပေါင်းတပ်အများအကြား တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင် စစ်သား ၃၀ ကျော်သေဆုံးခဲ့ကြောင်း စစ်ကူလာသော တင့်ကားတစ်စီးနှင့် ရဟတ်ယာဥ်တစ်စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က သတင်းထုတ်ပြန်ထားသည်။ တိုက်ပွဲများနှင့် စစ်တပ်၏လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဒေသခံ ၆ ဦးခန့်သေဆုံးခဲ့ပြီး ဒေသခံ နှစ်သောင်းကျော် လွိုင်ကော်အား နေရပ်စွန့်ခွာနေကြကြောင်း အချို့သူများမြို့အတွင်း ပိတ်မိနေကြကြောင်း ပြည်တွင်းမီဒီယာများက ဖော်ပြထားသည်။
ဇန်နဝါရီလ ၅ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့အတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ၏ ဝင်ရောက်ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သား ၄ ဦးခန့်သေဆုံးခဲ့ကြောင်း Shwe Phee Myay က ဖော်ပြထားသည်။ လက်နက်ကြီးကျည်များကြောင့် ၂ နှစ်အရွယ် ကလေးငယ်အပါအဝင် ဒေသခံပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသည် ၎င်းတို့ထံတွင် လက်နက်ချ အလင်းဝင်လာကြောင်း KNU တပ်မဟာ ၅ က ဇန်နဝါရီလ ၆ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။ အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ချပြီး တိမ်းရှောင်လာသူ ၄၇ ဦးရှိကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။
ဇန်နဝါရီလ ၅ရက်နေ့မှ ၈ရက်နေ့အတွင်း ရန်ကုန် မြို့နယ် ၉ခုရှိ စစ်တပ်တပ်စွဲထားသော နေရာများကို NUG လက်အောက်ရှိ ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေအဖွဲ့က ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ဦးထက်မနည်း သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ရှိ နာမည်ကျော် တော်လှန်ရေးခေါင်းဆောင် ဗိုလ်နဂါးရှိသည်ဟုယူဆရသော ပုလဲမြို့နယ် ဦးနှောက်ကျေးရွာကို စစ်ကောင်စီက တိုက်ခိုက်ရေးရဟတ်ယာဉ် ၃ စီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ဗိုလ်နဂါး ဘေးကင်းလုံခြုံလျက်ရှိကြောင်း Khit Thit က ဖော်ပြထားသည်။
စစ်ကိုင်းတိုင်း ကလေးမြို့တစ်ဝိုက်ရှိ စစ်ဘေးရှောင်စခန်းတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးများ စစ်ပြေးရတဲ့ ဒဏ်နှင့် အာဟာရချို့တဲ့မှုကြောင့် ကလေးအသေမွေးဖွားမှုများ များပြားလာနေကြောင်း BBC က ဖော်ပြထားသည်။ ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နယ်တွင် စစ်ကောင်စီတပ်သားများသည် ဒေသခံ ၉ ဦးအား လူသားဒိုင်းကာအဖြစ်အသုံးပြုပြီးနောက် သတ်ဖြတ်ခဲ့ကြောင်း ချင်းပြည်နယ်အခြေစိုက်သတင်းမီဒီယာများက ဖော်ပြထားသည်။ အဆိုပါသေဆုံးသူများအနက် အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် ချင်းပြည်နယ်အခြေစိုက် Khonumthung မီဒီယာ၏ တည်ထောင်သူ Pu Tuidim လည်း ပါဝင်ကြောင်း သိရသည်။
အရပ်သားအစိုးရလက်ထက်တွင် အကောင်အထည်ဖော်ခဲ့သည့် LNG (သဘာဝဓာတ်ငွေ့ရည်) ဓာတ်အားပေးစက်ရုံများသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ကုမ္ပဏီများကို ပေးချေရမည့် ငွေများမပေးနိုင်တော့၍ ရပ်ဆိုင်းတော့မည်ဖြစ်သဖြင့် လျှပ်စစ်ထုတ်လုပ်မှု ၁၈ ရာခိုင်နှုန်း လျော့ကျသွားပြီ ဖြစ်ကြောင်း People’s Spring က ဖော်ပြထားသည်။ ကမ္ဘာဒီးယားဝန်ကြီးချုပ်နှင့် တွေ့ဆုံစဥ်တွင် ၎င်းအနေဖြင့် တစ်ဖက်သတ်အပစ်ရပ်မှုအား ၂၀၂၂ ခုနှစ်ကုန်အထိ သက်တမ်းတိုးသွားရန် စဥ်းစားထားကြောင်း အာဏာသိမ်းခေါင်းဆောင်က ပြောဆိုခဲ့သည်။

Comments

Popular Posts