၁၈-၂၃ ဒီဇင်ဘာ၊ ၂၀၂၁

 

စစ်ကိုင်းတိုင်း ကနီမြို့နယ်ရှိ ဒေသခံ ၁၁ ဦးအား မေးမြန်းချက်များအရ ဇူလိုင်လအတွင်း စစ်သားများသည် ကနီဒေသရှိရွာသား အနည်းဆုံး ၄၀ အား အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့ပြီး မြေမြှပ်ခဲ့မှု လေးကြိမ်ခန့်ဖြစ်ပွားခဲ့ကြောင်း BBC ၏ စုံစမ်းဖော်ထုတ်ချက်အရ သိရှိရသည်။ ပြည်တွင်းမီဒီယာများကလည်း အဆိုပါဖြစ်ရပ်အား အထောက်အထားများဖြင့် ဖော်ပြထားပြီးဖြစ်သော်လည်း စစ်တပ်သည် ရိုဟင်ဂျာများအပေါ် ကျူးလွန်သောပြစ်မှုများသာမက ယခုဖြစ်ရပ်များတွင်လည်း အရေးယူခံရမှုမှ ကင်းလွတ်နေဆဲဖြစ်ကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူများက ဝေဖန်နေကြသည်။
ဒီဇင်ဘာလ ၁၉ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးဒေသတွင် ဖြစ်ပွားသောတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က အရာရှိများအပါအဝင် စစ်သား ၈၃ ဦး သေဆုံးဒဏ်ရာရရှိခဲ့ကြောင်း MNDAA ၏ လှုမှုကွန်ယက်တွင် ဖော်ပြထားသည်။ စစ်ကောင်စီဘက်က အင်အား ၅၀၀ ကျော်ဖြင့် မြေပြင် လေကြောင်းများမှ ပြင်းပြင်းထန်ထန်ထိုးစစ်ဆင်နေသော်လည်းဘဲ အသေအပျောက်များနေပြီး အလောင်းများ လက်နက်များအား စစ်မြေပြင်တွင် စွန့်ပစ်မှုများဖြစ်ပွားနေကြောင်း အဆိုပါထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ကရင်ပြည်နယ် မြဝတီမြို့အနီးတွင် တိုက်ပွဲများပြင်းထန်လာပြီးနောက် ကုလသမဂ္ဂက ဦးဆောင်၍ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုများကို တားဆီးနိုင်ရန်အတွက် No Fly Zone လေယာဉ်မပျံသန်းရ ဇုန် အကောင်အထည်ဖော်ရန် ကရင်အမျိုးသားအစည်းအရုံး KNU က ဒီဇင်ဘာလက ၂၀ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်သည်။ လေးကေ့ကော်မြို့သစ်မှစတင်ဖြစ်ပွားသောတိုက်ပွဲများကြောင့် နယ်စပ်ဖြတ်ကျော်ထွက်ပြေးရသူ စစ်ဘေးရှောင် ၆၀၀၀ ကျော်ရှိနေပြီဖြစ်ကြောင်း သိရသည်။ ဒီဇင်ဘာ ၁၇ ရက်က ချင်းပြည်နယ် တီးတိန်မြို့နယ် Ngawsing ရွာအနီးတွင် CNF/CNA နှင့် CDF-Hualngo ပူးပေါင်းတပ်ဖွဲ့က ZRA တပ်ကို သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ချင်းပြည်နယ်အခြေစိုက် မီဒီယာများက ဖော်ပြထားသည်။ အိန္ဒိယနိုင်ငံတွင် အခြေစိုက်သော ZRA သည် တီးတိန်မြို့နယ်တွင် အခြေစိုက်သော ပြည်သူ့ကာကွယ်ရေးတပ်များအား တိုက်ခိုက်ခြင်းသာမက စစ်ကောင်စီတပ်များနှင့် ပူးပေါင်းမှုများပြုလုပ်နေကြောင်း သတင်းများထွက်ပေါ်နေသည်။
ဒီဇင်ဘာ ၁၇ ရက်နေ့က မကွေးတိုင်း နှမ်းခါးရွာတွင် ဒေသတွင်း PDF ခေါင်းဆောင်များ အစည်းအဝေးပြုလုပ်နေချိန် အတွင်းသတင်း ပေါက်ကြားမှုကြောင့် စစ်ကောင်စီတပ်များ၏ ရဟတ်ယာဥ်များဖြင့် အချိန်ကိုက်တိုက်ခိုက်မှုကို ခံခဲ့ရကြောင်း ယောဒေသပြည်သူ့ကာကွယ်ရေးတပ် YDF တာဝန်ရှိသူတစ်ဦးက DVB ကိုပြောဆိုသည်။ အဆိုပါတိုက်ခိုက်မှုများကြောင့် PDF တပ်သားအချို့အပါအဝင် ပြည်သူ ၁၇ ယောက်ခန့် သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။ ဒီဇင်ဘာ ၂၀ ရက် နေ့က နေပြည်တော်ကောင်စီနယ်မြေတွင် စစ်ယာဉ်တန်းတစ်ခု မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် စစ်သား ၁၂ ဦး သေဆုံးခဲ့ကြောင်း PDF (နေပြည်တော်) က သတင်းထုတ်ပြန်ခဲ့သည်။
ချင်းတွင်းမြစ်အတွင်းတွင် တရားမဝင်သယ်ဆောင်လာသော ကျောက်စိမ်းများအား ဖမ်းဆီးရပီပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်က ဒီဇင်ဘာ၂၃ နေ့တွင် ထုတ်ပြန်ခဲ့သည်။ ထို့အပြင် ဒီဇင်ဘာလ ၂၀ ရက်နေ့က ကရင်နီပြည်နယ် ရှားတောမြို့နယ်တွင် စစ်ကောင်စီတပ်များစီးနင်းလာသော အိမ်စီးကားအား Karenni Army ၏ ခြုံခိုတိုက်ခိုက်မှုကြောင့် တပ်ရင်းမှူးအပါအဝင် ၄ ဦးသေဆုံးပြီး ၁ ဦးကို အရှင်ဖမ်းမိကြောင်း KA သတင်းရင်းမြစ်က Khit Thit ကို ပြောဆိုခဲ့သည်။
မန္တလေးမြို့ မဟာအောင်မြေမြို့နယ်တွင် အွန်လိုင်း Wechat ဖြင့် ကျောက်စိမ်းအရောင်းအဝယ်ပြုလုပ်နေကြသော တရုတ်နိုင်ငံသားများအပါအဝင် မြန်မာနိုင်ငံသားများ စုစုပေါင်း ၂၀၀ ခန့်ကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဆိုင်ကယ်တစ်စီးလျှင် ငွေကျပ် ၅ သိန်း လူတစ်ဦးလျှင် ငွေကျပ် ၁၀ သိန်းဖြင့် ဒဏ်ရိုက်မည်ဆိုသော သတင်းများလည်း ထွက်ပေါ်လျက်ရှိကြောင်း Khit Thit က ဖော်ပြထားသည်။
မြန်မာနိုင်ငံရှိ အလုပ်သမား ၁ သန်းကျော်က ပေးသွင်းထားသော လူမှုဖူလုံရေးရံပုံငွေ ငွေကျပ်ဘီယံပေါင်းများစွာသည် စစ်ကောင်စီလက်အောက်တွင် ပျောက်ဆုံးနေကြောင်း အလုပ်သမားအရေးလှုပ်ရှားသူတစ်ဦးက DVB ကို ပြောဆိုသည်။ Human Rights Watch အဖွဲ့က ဂျပန်အစိုးရအနေဖြင့် ၎င်းတို့လက်ရှိလုပ်ဆောင်လျက်ရှိသော မြန်မာဗိုလ်လောင်းများကို သင်တန်းပေးနေသည့် အစီအစဥ်များကို ချက်ချင်းရပ်တန့်ရန်နှင့် စစ်တပ်နှင့် ချိတ်ဆက်လုပ်ဆောင်မှုအားလုံးကို ဖြတ်တောက်ပစ်ရန် တောင်းဆိုလိုက်သည်၊။ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် Christine Schraner Burgener သည် ၎င်း၏ရာထူးသက်တမ်းကုန်ဆုံးသွားခြင်းကြောင့် နေပြည်တော်ရှိ သူမ၏ ရုံးခန်းအား ပိတ်သိမ်းလိုက်ပီဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ကြေညာခဲ့သည်။

Comments

Popular Posts