၁၁-၁၆ ဇန်နဝါရီ၊ ၂၀၂၂

 

ဇန်နဝါရီ ၁၄ ရက်နေ့က ပြုလုပ်သော စစ်ကောင်စီသတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီပြောခွင့်ရသူက အာဏာသိမ်းပြီးတဲ့နောက် ရန်ကုန်မြို့တွင်းပစ်ခတ်ဖောက်ခွဲမှု ၄၀၀၀ ကျော်ရှိခဲ့ပြီး PDF ၁၄၀၀ ကျော်ဖမ်းမိထားကြောင်း ပြောဆိုခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုတွေကြောင့် နိုင်ငံဝန်ထမ်း ၁၉၂ ဦးနှင့် ပြည်သူ ၁၅၃၈ ဦး စုစုပေါင်း ၁၈၃၀ ယောက်သေဆုံးခဲ့ကြောင်း ၎င်းက စွပ်စွဲပြောဆိုခဲ့သည်။ ထို့အပြင် နိုဝင်ဘာလအတွင်းက ဖမ်းဆီးခံထားရသော NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်၏ ရုပ်သံကိုလည်း ထုတ်လွှင့်သွားခဲ့ပြီး ၎င်း၏အဆိုအရ ရန်ကုန်မြို့တွင် ဧပြီလကစပြီး ဖောက်ခွဲတိုက်ခိုက်မှုပေါင်း ၁၇၈ ကြိမ် ပြုလုပ်ခဲ့ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။
တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ၏ မြဝတီမြို့တောင်ဘက် ဖလူးလေးရွာရှိ လုံခြုံရေးစခန်းငယ်တခုကို စစ်တပ်က ၃ ရက်ဆက်တိုက် ဝေဟင် မြေပြင် ထိုးစစ်ဆင်ပြီးနောက် ဇန်နဝါရီ ၁၄ ရက်နေ့က သိမ်းယူနိုင်ခဲ့ကြောင်း စစ်တပ်နှင့်နီးစပ်သော သတင်းဌာနများက ဖော်ပြထားသည်။ တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ဖွဲ့ဝင် ၈ ဦး အဖမ်းခံရကာ ၄ ဦး အသတ်ခံရကြောင်း စစ်ဘေးရှောင်များနှင့် DKBA တပ်သားများလည်း ပစ်သတ်ခံရကြောင်း Irrawaddy က ဖော်ပြထားသည်။ NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့တစ်ခုဖြစ်သည့် ABSDF ကလည်း ၎င်းတို့အနေဖြင့် စစ်ကောင်စီတပ်များအား PDF များနှင့်အတူ တိုက်ခိုက်နေပီဖြစ်ကြောင်း ၎င်းတို့၏ ဥက္ကဌက Khit Thit သို့ ဇန်နဝါရီလ ၁၆ ရက်နေ့က အတည်ပြုပြောဆိုခဲ့သည်။
ဇန်နဝါရီ ၁၃ ရက် ချင်းပြည်နယ် တွန်းဇံမြို့နယ်တွင် အိန္ဒိယနိုင်ငံ မဏီပူရ်ပြည်နယ်အခြေစိုက် ကသည်းသူပုန်များနှင့် CNF နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း CNF ၏ ဗိုလ်မှူးတစ်ဦးကျဆုံးခဲ့ပြီး ကသည်းဘက်က ၅ ဦးခန့်သေဆုံးခဲ့ကြောင်း Chinland Joint Defense Committee ၏ ပြောရေးဆိုခွင့်ရှိသူက Zalen ကို ပြောဆိုခဲ့သည်။ ချင်းပြည်နယ် မတူပီမြို့ရှိ ခမရ ၃၀၄ တပ်နှင့် တပ်စခန်းကို CDF-Matupi က ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီဘက်မှ အသေအပျောက်များကြောင်း ချင်းပြည်နယ် မင်းတပ်မြို့ဘက်မှ ပြည်နယ်တောင်ပိုင်း မတူပီမြို့သို့ စစ်ကားအစီး ၉၀ ကျော် ပါဝင်သည့် စစ်ကြောင်းဖြင့် အင်အားဖြည့်တင်းနေသည်ဟု Myanmar Now က ဖော်ပြထားသည်။
ပြီးခဲ့သည့်သီတင်းပတ်အတွင်း ရန်ကုန်မြို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အဖွဲ့ဝင် ၁၀ ဦးခန့် ထောင်ချောက်ဆင်ဖမ်းဆီးခံခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ရန်ကုန်တိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့ တာဝန်ရှိသူက Myanmar Now ကိုပြောဆိုသည်။ စစ်ကိုင်းတိုင်း ပုလဲမြို့နှင့် ယင်းမာပင်မြို့အကြားရှိ PDF လက်နက်ထုတ်လုပ်ရေးစခန်းတစ်ခုကို ဇန်နဝါရီ ၁၃ ရက်နေ့က စစ်ကောင်စီတပ်က ရဟတ်ယာဉ် နှစ်စီးဖြင့် ပစ်ခတ်စီးနင်းခဲ့ပြီးနောက် စခန်းကို သိမ်းပိုက်နိုင်ခဲ့သဖြင့် ကျပ်သိန်း ၃၀၀၀ နီးပါးတန်ဖိုးရှိသော လက်နက်ခဲယမ်းများ ဆုံးရှုံးခဲ့ရကြောင်း PDF အဖွဲ့ဝင်များက Myanmar Now ကိုပြောဆိုသည်။ ထို့အပြင် ဇန်နဝါရီ ၁၂ ရက်နေ့က စစ်ကိုင်းတိုင်း ယင်းမာပင်ရှိ မြို့နယ်ရဲစခန်းကို PDF များက တိုက်ခိုက်ခဲ့သဖြင့် ဖမ်းဆီးခံထားရေသာ အချုပ်သား ၅ ဦးကို ရဲတပ်ဖွဲ့ဝင်များက ပြန်လွှတ်ပေးလိုက်ကြောင်း Khit Thit က ဖော်ပြထားသည်။
ကရင်နယ်ခြားစောင့်တပ် BGF အနေဖြင့် ဇန်နဝါရီ ၁၅ ရက်မှ စ၍ စစ်ကောင်စီတပ်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုလုပ်ရန် KNU တပ်မဟာ ၅ နယ်မြေ တပ်မဟာမှူးက သတိပေးချက်ထုတ်ပြန်လိုက်သည်။ BGF များသည် စစ်တပ်အတွက် လက်နက်ခဲယမ်းနှင့် စားနပ်ရိက္ခာများ သယ်ယူပို့ဆောင်ပေးနေကြောင်း အဆိုပါစာတွင် ဖော်ပြထားသည်။ ဇန်နဝါရီ ၈ ရက်နေ့က ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်တွင် စစ်တပ်နှင့် အာဆာ (Arakan Rohingya Salvation Army - ARSA) တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အနီးအနားရှိ ရွာသားတစ်ဦးကိုလည်း ARSA အဖွဲ့က ပစ်ခတ်ခဲ့သဖြင့် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက Myanmar Now ကို ပြောဆိုသည်။
ဇန်နဝါရီလ ၅ ရက်နေ့က NUG အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်များနှင့် AA ရက္ခိုင့်တပ်တော်က စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် ဦးဆောင်သော အဖွဲ့တို့ အွန်လိုင်းကတဆင့် ဆွေးနွေးခဲ့ကြကြောင်း RFA ကဖော်ပြထားသည်။ အစည်းအဝေးအတွင်း ဆွေးနွေးသည့်အကြောင်းအရာများကို နှစ်ဖက်လုံးက ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။ လာမည့် အပတ်အတွင်း ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပရန် စီစဥ်ထားသော အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေးကို အကန့်အသတ် မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း BBC က ဖော်ပြထားသည်။ စစ်ကောင်စီခန့်အပ်ထားသော နိုင်ငံခြားရေးဝန်ကြီး တက်ရောက်ရန် ကမ္ဘောဒီးယားနိုင်ငံက ဖိတ်ကြားထားသည်ကို အာစီယံနိုင်ငံအချို့က ကန့်ကွက်ထားကြောင်း သိရသည်။

Comments

Popular Posts