၁၇-၂၄ ဇန်နဝါရီ၊ ၂၀၂၂

 

ထိုင်း - မြန်မာ နယ်စပ်ရှိ တာချီလိတ်မှတစ်ဆင့် တောင်ကြီးအရောက် စစ်တပ်အတွက် RCSS က လေယာဉ်ဆီသယ်ယူရေး ကူညီပေးရန် စစ်တပ်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA) တို့ ယမန်နှစ် ဒီဇင်ဘာလက သဘောတူခဲ့ကြောင်း Myanmar Now က ဖော်ပြထားသည်။ အဆိုပါသတင်းသည် အခြေအမြစ်မရှိသော စွပ်စွဲမှုဖြစ်ကြောင်း RCSS က ပြန်လည်စာထုတ်ပြန်ခဲ့သည်။ UWSA တပ်များ စစ်ရေးပြင်ဆင်နေသည့် ရုပ်သံတစ်ခု ဇန်နဝါရီလ ၂၁ ရက်တွင် လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာခဲ့ပြီး ရှမ်းပြည်နယ်တောင်ပိုင်းတွင် UWSA နှင့် RCSS တို့အကြား စစ်ရေးတင်းမာနေကြောင်း သုံးသပ်မှုများလည်းရှိသည်။
ဇန်နဝါရီ ၂၁ ရက်နေ့က ကိုဂျင်မီ(ခ)ကိုကျော်မင်းယုနှင့် ကိုဖြိုးဇေယျာသော်တို့နှစ်ဦးအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၄၉(က)/၅၀(ဈ)/၅၀(ည) တို့ဖြင့် စစ်ခုံရုံးက သေဒဏ်ချမှတ်လိုက်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ကြေညာခဲ့သည်။ စစ်ကောင်စီသည် နိုင်ငံအတွင်းရှိ တိုင်းနှင့်ပြည်နယ်မှ မြို့နယ်ပေါင်း(၃၃၀)အနက် မြို့နယ်ပေါင်း (၄၂)မြို့နယ်ကို ခရိုင်အဖြစ် ပြောင်းလဲရန် စီစဉ်နေကြောင်း Tachileik News Agency ကဖော်ပြထားသည်။
ချင်းပြည်နယ် တီးတိန်မြို့နယ်တွင် ဇန်နဝါရီလ ၁၃ ရက်နေ့မှ ၂၂ ရက်နေ့အထိ ၁၀ ရက်အတွင်း စစ်ကောင်စီတပ်များနှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များအကြားဖြစ်ပွားသော တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဘက်မှ ၈၂ ဦး သေဆုံးကာ ဒေသကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များဘက်မှ ၃ ဦး ကျဆုံးခဲ့ကြောင်း CDF-KKG က သတင်းထုတ်ပြန်ထားသည်။ ပူးပေါင်းတပ်ဖွဲ့တွင် CDM Siyin၊ PDF Zoland၊ CNA ၊ CDF-KKG၊ PDF Kalay၊ Zogam Army၊ PDA၊ CNDF နှင့် Zomi PDF တို့ပါဝင်ကြောင်း သိရသည်။ ဖြစ်ပွားခဲ့သည်။
မကွေး PDF ၏ KBZ ဘဏ်အနေဖြင့် မိုင်ဘိုင်းဖုန်းဖြင့် ငွေပေးချေသည့် Kpay အကောင့်များအား ပြန်လည်အသုံးပြုခွင့်မပေးပါကာ KBZ ဘဏ်အား စစ်ကောင်စီထောက်တိုင်အဖြစ် သတ်မှတ်၍ တိုက်ခိုက်ဖျက်ဆီးသွားမည်ဖြစ်ကြောင်း ဇန်နဝါရီလ ၁၈ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။ သတိပေးထုတ်ပြန်ထားသည်။
ဇန်နဝါရီ ၇ ရက်နေ့က တရုတ် မြန်မာ ဖက်စပ်ကုမ္ပဏီ Myanmar CNMC Nickel ၏ တကောင်းနီကယ်စက်ရုံသို့ လျှပ်စစ်ဓာတ်အားပေးနေသော လျှပ်စစ်တာဝါတိုင်များကို ထီးချိုင့် PDF က မိုင်းခွဲတိုက်ခိုက်ပြီးနောက် နိုင်ငံအတွင်းရှိ ၎င်းတို့၏ ရင်းနှီးမြှုုပ်နှံမှုများအား မတိုက်ခိုက်ရန် တရုတ်သံရုံးက NUG ကို ဆွေးနွေးပြောဆိုခဲ့ကြောင်း NUG ၏ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ဧရာဝတီသို့ ပြောဆိုခဲ့သည်။
အီရန်နိုင်ငံမှ လက်နက်သယ်ဆောင်လာသော လေယာဥ်များ မြန်မာနိုင်ငံသို့ ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း နှစ်ကြိမ်ခန့် ဆင်းသက်ခဲ့ကြောင်း ဧရာဝတီက ဖော်ပြထားသည်။ ထို့အပြင် မြန်မာစစ်တပ်နှင့် စစ်ရေး ပူးပေါင်းဆောင်ရွက်ရန်အတွက် ဆားဘီးယားနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့လည်း ဇန်နဝါရီ ၁၆ ရက်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိနေကြောင်း ဧရာဝတီက ဖော်ပြထားသည်။
စစ်ကောင်စီ၏ ပြည်သူများအပေါ်ကျူးလွန်သော အကြမ်းဖက်မှုများကြောင့် ၎င်းတို့၏ ရင်းနှီးမြှပ်နှံမှုများကို ရပ်တန့်တော့မည်ဖြစ်ကြောင်း Total နှင့် Chevron ကုမ္ပဏီတို့က ကြေညာခဲ့ကြောင်း ACB News က ဖော်ပြထားသည်။ NUG ကလည်း ၎င်းတို့အနေဖြင့် ဓာတ်ငွေ့ရောင်းရ ငွေများအား NUG ထံသို့ လွှဲပြောင်းရန် ဇန်နဝါရီ ၂၃ ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

Comments

Popular Posts