၃၁ ဒီဇင်ဘာ၊ ၂၀၂၁ - ၄ ဇန်နဝါရီ၊ ၂၀၂၂

 

ဒီဇင်ဘာလ ၃၁ ရက်နေ့က ရန်ကုန်မြို့ရှိ ကမ္ဘောဒီယားနိုင်ငံသံရုံးအနီးတွင် လက်လုပ်ဗုံးနှစ်လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း RFA က ဖော်ပြထားသည်။ ကမ္ဘောဒီယားဝန်ကြီးချုပ် Hun Sen သည် ဇန်နဝါရီလ ၇ ရက်နေ့ မြန်မာပြည်သို့ လာရောက်၍ အာဏာသိမ်းစစ်ခေါင်းဆောင်နှင့်တွေ့ဆုံမည်ဖြစ်ပြီး ခရီးစဥ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံနိုင်ချေ ရှိကြောင်း Bangkok Post က ဖော်ပြထားသည်။
ဒီဇင်ဘာလ ၂၄ ရက်နေ့က ကရင်နီပြည်နယ် မိုဆိုကျေးရွာတွင်ဖြစ်ပွားခဲ့သော လူအစုအလိုက်အပြုံလိုက်သတ်ဖြတ်မှုမှ အထောက်အထားများအား ICC တရားရုံးသို့ ပေးပို့သွားမည် ဖြစ်ကြောင်း NUG က KSCC နှင့်ပူးတွဲပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။ KSCC ၏ ထုတ်ပြန်ချက်အရ သတ်ဖြတ်၍ မီးရှို့ခံထားရသော အလောင်း ၃၅ ခုကျော်တွင် ကလေး ၃ ဦးနှင့် အမျိုးသမီး ၅ ဦး၏ အလောင်းများပါရှိကြောင်း ဒေသခံများ၏ တိုင်ကြားမှုအရ လက်ရှိအချိန်အထိ ပျောက်ဆုံးလျက်ရှိနေသော အရပ်သား ၄၂ ဦးရှိကြောင်း သိရသည်။ စစ်ကောင်စီကမူ အဆိုပါသေဆုံးသူများသည် တိုက်ပွဲအတွင်း အပြန်အလှန်ပစ်ခတ်မှုအတွင်း သေဆုံးခြင်းဖြစ်ကြောင်း တုံ့ပြန်ထားသည်။ Karenni State Police ရရှိထားသော သက်သေများအရ ဖရူဆိုအခြေစိုက် ခမရ ၅၃၁ နှင့် တပ်မ ၆၆ လက်အောက်ခံ တပ်ဖွဲ့ဝင်များက ကျူးလွန်ခြင်းဖြစ်ကြောင်း သိရသည်။
ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ် ငွေတောင်ဆည်အနီးတွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် တိုက်ပွဲအတွင်း လွိုင်ကော် PDF တစ်ဦးနှင့်အတူ ကရင်နီတပ်မတော် (KA) တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ပြီး ၎င်းတို့တပ်ဖွဲ့ဝင် စုစုပေါင်း ၁၂ ဦး ဒဏ်ရာရထားကြောင်း စစ်ကောင်စီဘက်မှ ဒုဗိုလ်မှူးကြီးအပါအဝင် ၃၀ကျော်သေဆုံးကြောင်း လွိုင်ကော် PDF မှ ထုတ်ပြန်ထားသည်။ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်တွင် စစ်တပ်ယာဉ်တန်းကို ဗုံးတပ်ဆင်ထားသည့် ဒရုန်းများဖြင့် ပထမဆုံးအကြိမ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံ PDF အဖွဲ့က ဒီဇင်ဘာ ၂၉ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်များနှင့် တိုက်ပွဲပေါင်း ၁၃၃ကြိမ်ခန့် ဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု ၃၀၀ ဦးအထက်ရှိခဲ့ပြီး လက်နက်ခဲယမ်းအမြောက်အမြား သိမ်းဆည်းရမိခဲ့ကြောင်း ဒီဇင်ဘာ ၂၉ရက်က ပြုလုပ်ခဲ့သော နှစ်ပတ်လည်အစည်းအဝေးတွင် MNDAA က ပြောဆိုခဲ့ကြောင်း The Kokang က ဖော်ပြထားသည်။ ဘင်္ဂလားဒေ့ရှ်အခြေစိုက် Prothom Alo သတင်းစာနှင့်ပြုလုပ်သော အင်တာဗျူးတွင် Arakan Army ၏ စစ်ဦးစီးချုပ်က ၎င်းတို့အနေဖြင့် ရိုဟင်ဂျာများ၏ လူ့အခွင့်အရေးနှင့် နိုင်ငံသားအခွင့်အရေးများကို အသိအမှတ်ပြုသွားမည်ဖြစ်ကြောင်း ၎င်းတို့ လိုချင်သော လွတ်လပ်ရေးအတွက် တပ်သားအင်အား သုံးသောင်းကနေ ငါးသောင်းလောက်လိုအပ်ကြောင်း ပြောဆိုခဲ့သည်။
KNU တပ်မဟာ ၅ နယ်မြေတွင် ဒီဇင်ဘာလ ၃၀ ရက်နေ့မှ ဇန်နဝါရီလ ၁ ရက်နေ့အထိ ဖြစ်ပွားသောတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများသည် ၎င်း၏ လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ဝင် ၂ ဦးကို ပစ်သတ်မှုဖြစ်ပွားခဲ့ကြောင်း KNU က ဖော်ပြထားသည်။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စပ်ရေးစာချုပ် NCA ပါ စည်းကမ်းချက် မလိုက်နာတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအပေါ် အရေးယူသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၃၀ ရက်နေ့ နေ့စွဲဖြင့် စစ်ကောင်စီက ကြေညာချက်ထုတ်ပြန်ခဲ့သည်။
လူမှုကွန်ယက်အသုံးပြုသူများအကြားတွင် ၂၀၂၂ သည် ဒီမိုကရေစီလှုပ်ရှားမှု အောင်မြင်ပြီး မြန်မာပြည်သူများအတွက် အောင်မြင်သောနှစ်ဖြစ်မည်ဖြစ်ကြောင်း နာမည်ကျော်ကြားသော ဗေဒင်ကျွမ်းကျင်သူများနှင့် ဘုန်းကြီးအချို့၏ မိန့်ကြားမှုများက ရေပန်းစားနေသည်။ မြန်မာပြည်တွင် အသုံးများသော Wave Money လုပ်ငန်း၏ ဒေါ်လာ ၅၃ သန်း တန်ဖိုးရှိသော ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို နော်ဝေ တယ်လီကွန်မြူနစ်ကေးရှင်း အော်ပရေတာ တယ်လီနောက ၎င်း၏အဓိကပါတနာဖြစ်သည့် Yoma Strategic Holdings ထံသို့ ရောင်းချရန် သဘောတူထားကြောင်း Nikkei Asia က ဖော်ပြထားသည်။

Comments

Popular Posts