၂၅-၃၁ ဇန်နဝါရီ၊ ၂၀၂၂

 

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖျက်သိမ်းရန် အစီအစဉ် မရှိကြောင်း စစ်ကောင်စီ၏ ပြောခွင့်ရပုဂ္ဂိုလ်က Nikkei Asia သတင်းဌာနကကို ဇန်နဝါရီလ ၂၆ ရက်နေ့က ပြောဆိုခဲ့သည်။ ထိုကဲ့သို့ပြောဆိုပြီးနောက်တစ်ရက်တွင် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင်ဖြစ်သူ ဦးဟံသာမြင့်အား စစ်ကောင်စီက ၁၁ လကြာ ဖမ်းဆီးပီးနောက် လွတ်ပေးခဲ့ကြောင်း Myanmar Now က ဖော်ပြထားသည်။
အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ NUCC ၏ ပထမဆုံးအကြိမ်ပြည်သူ့ညီလာခံအား ဇန်နဝါရီ ၂၇ ရက် မှ ဇန်နဝါရီ ၂၉ ရက်နေ့အထိ ကျင်းပခဲ့ပြီး ကြားကာလ ဖက်ဒရယ်ဂျာတာ အပိုင်း (၁) (၂) နှင့် NUCC ၏ ဖွဲ့စည်းမှုပုံစံများကို အတည်ပြုခဲ့ကြောင်း ၎င်းတို့၏ သတင်းစာရှင်းလင်းပွဲတွင် ဖော်ပြခဲ့သည်။ လက်ရှိ NUCC တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပါအဝင် အဖွဲ့အစည်းပေါင်း ၃၃ ဖွဲ့ပါဝင်ကြောင်း ၎င်းတို့၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။
ဇန်နဝါရီလ ၂၆ ရက်နေ့က လက်ရှိနိုင်ငံရေးအကျပ်အတည်းများ တိုက်ပွဲများနှင့် ပတ်သက်သော ကြေညာချက်တစ်စောင်ကို KIO/KIA က ထုတ်ပြန်လိုက်ပြီး လက်ရှိအကျပ်အတည်းများအား အချိန်မှီမဖြေရှင်းနိုင်ပါက မြန်မာနိုင်ငံသည် အလုံးစုံပျက်သုဥ်းရေးကို ဦးတည်သွားနိုင်ကြောင်း အိမ်နီးချင်းတရုတ်နိုင်ငံက ၎င်းတို့၏ နှစ်သစ်ကူးအချိန်နှင့် ဆောင်းရာသီအိုလံပစ်ပွဲ မသန်စွမ်း အိုလံပစ်ပွဲများ ကျင်းပသည့် ကာလအတွင်း နယ်စပ်ဒေသတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကို ရပ်တန့်ရန် KIO အပါအဝင် တရုတ်-မြန်မာနယ်စပ်ရှိ လက်နက်ကိုင် အဖွဲ့အစည်းများကို တောင်းဆိုထားကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Mizzima ၏ ဖော်ပြချက်အရ အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲများ ပြင်းထန်လျက်ရှိသော ချင်းပြည်နယ်တွင် မိုင်းမတော်တဆကြောင့် သေဆုံးခဲ့ရသည့် ချင်းတော်လှန်ရေးရဲဘော် ၁၀ ဦးကျော်အထိရှိလာပီဖြစ်ကြောင်း သိရသည်။
ဇန်နဝါရီ ၂၉ ရက်နေ့က မကွေးတိုင်း မြိုင်မြို့နယ်ရှိ လင်းကတောနယ်မြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များ ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် လက်နက်အများအပြားသိမ်းဆီးရမိကြောင်း People’s Spring က ဖော်ပြထားသည်။ အလားတူပင် ဇန်နဝါရီ ၂၂ ရက်နေ့က စစ်ကိုင်းတိုင်း ဖောင်းပြင်မြို့နယ်ရှိ ရဲစခန်းနှစ်ခုကို PDF များက ဝင်ရောက်စီးနင်းတိုက်ခိုက်နိုင်ခဲ့ပြီး စခန်းမှူး အပါအဝင်ရဲတပ်သား ရှစ်ဦးကိုဖမ်းဆီးရမိကာ လက်နက်အများအပြား သိမ်းဆည်းရမိခဲ့ကြောင်း PDF များက ထုတ်ပြန်ထားသည်။
ဇန်နဝါရီလအတွင်း ရခိုင်ပြည်နယ်ရှိ မြို့နယ် ၅ မြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဌာန၏ အစီအစဥ်ဖြင့် AA တပ်ဖွဲ့ဝင်များနှင့် ဒေသခံ ၅၀၀၀ ကျော်ခန့်ကို ကိုဗစ်ကာကွယ် ဆေးထိုးနှံခဲ့ပြီးဖြစ်ကြောင်း AA ၏ ပြောရေးဆိုခွင့်ရှိသူက Western News ကို ပြောဆိုခဲ့သည်။ မြန်မာပြည်ရှိ ကမ်းလွန်လုပ်ကွက် ၉ ခု၌ ရှစ်နှစ်ကျော်ကြာ ရင်းနှီးမြှုပ်နှံခဲ့သော သြစတေးလျနိုင်ငံအခြေစိုက် ရေနံကုမ္ပဏီ Woodside Energy က မြန်မာနိုင်ငံက ပြန်လည်ထွက်ခွာတော့မည်ဖြစ်ကြောင်း ဇန်နဝါရီလ ၂၇ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

Comments

Popular Posts