၁-၇ ဖေဖော်ဝါရီ၊ ၂၀၂၂

 

စစ်တပ်အာဏာသိမ်းခဲ့တဲ့အချိန်မှစ၍ တစ်နှစ်အတွင်း စစ်ကောင်စီတပ်များ၏ အကြမ်းဖက်မှုများကြောင့် သေဆုံးသူစုစုပေါင်း ၁၅၂၆ ဦးအထိရှိခဲ့ပြီး ၎င်းတို့အနက် အသက် ၁၈ နှစ်နဲ့အောက် ကလေးငယ်ပေါင်း အနည်းဆုံး ၁၃၀ နီးပါးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းများအရသိရှိရသည်။ ထို့အပြင် တနှစ်အတွင်း ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၉၀၀၆) ဦးရှိပြီး သေဒဏ်ချမှတ်ခြင်းခံထားရသူ စုစုပေါင်း (၁၁၈) ဦးရှိကြောင်း သိရသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့တွင် ငြိမ်းချမ်းရေး ဆွေးနွေးရန် စစ်ကောင်စီက ဖေဖော်ဝါရီလ ၆ ရက်စွဲဖြင့် ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ဖိတ်ခေါ်မှုသည် အလွန်နောက်ကျနေပြီဖြစ်ပြီး စစ်ကောင်စီအနေဖြင့် NCA စာချုပ်ပါ ကတိကဝတ်များကို လိုက်နာခြင်း မရှိသည့်အတွက် စကားပြောစရာ အကြောင်းမရှိတော့ကြောင်း KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက Myanmar Now ကို ပြောဆိုခဲ့သည်။ အဆိုပါငြိမ်းချမ်းရေးကမ်းလှမ်းချက်မှာ သံသယဖြစ်ဖွယ်ရာဖြစ်ကြောင်း AA ၏ ပြောခွင့်ရရှိသူက Myanmar Now ကို ပြောဆိုခဲ့သည်။
ဖေဖော်ဝါရီ ၅ ရက်နေ့တွင်ကျရောက်သော KIO ၏ ၆၁ နှစ်ပြည့်တော်လှန်ရေးနေ့ အထိမ်းအမှတ်မိန့်ခွန်းတွင် KIO ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးအင်ဘန်လက စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရန် လက်နက်ကိုင် တော်လှန်နေသည့် အင်အားစုများအားလုံး NUG ၏ ဦးဆောင်မှုအောက်တွင် စုပေါင်းပါဝင်ကြရန်လည်း မိန့်ခွန်းတွင် တိုက်တွန်းထားနှိုးဆော်ခဲ့သည်။ KIO/KIA နှင့် စစ်ရေး နိုင်ငံရေး ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိနေကြောင်း AA TNLAနှင့် MNDAA မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ ကလည်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ဖေဖော်ဝါရီလ ၄ ရက်နေ့မှ ဖေဖော်ဝါရီလ ၆ ရက်နေ့ အထိ စစ်ကောင်စီတပ်များနှင့် AA တပ်ဖွဲ့ဝင်များ တိုက်ပွဲများပြန်လည်ဖြစ်ပွားနေကြောင်း ရခိုင်အခြေစိုက် မီဒီယာများက ဖော်ပြထားသည်။ တိုက်ပွဲအတွင်း AA တပ်သားတဦးအပါအဝင် စစ်ကောင်စီဘက်က ရဲ ၂ ဦး နှင့် စစ်သား ၇ ဦး သေဆုံးကြောင်း RFA က ဖော်ပြထားသည်။ ကချင်ပြည်နယ် ဖားကန့် မြို့နယ်တွင်လည်း စစ်ကောင်စီနှင့် KIA တို့အကြား ဖေဖော်ဝါရီ ၃ ရက်မှ စ၍ တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်မှ အရာရှိများအပါအဝင် ၂၀၀ခန့် သေဆုံးခဲ့ကြောင်း KIA နှင့်နီးစပ်သော သတင်းရင်းမြစ်များက People’s Spring သို့ပြောဆိုသည်။
ဖေဖော်ဝါရီ ၁ ရက်မှ ၃ ရက်နေ့အတွင်း ရန်ကုန်တိုင်းတွင် စစ်ကောင်စီလေတပ်ဗိုလ်မှူးကြီး၏ နေအိမ် အပါအဝင် စစ်ရေးပစ်မှတ် ၁၄ ခုကို တိုက်ခိုက်ခဲ့ကြောင်း NUG ၏ ရန်ကုန်စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။ ဖေဖော်ဝါရီ ၅ ရက် ညနေပိုင်းက စစ်ကိုင်းတိုင်း ပုလဲမြို့ပေါ်ရှိ ရဲစခန်းနှင့် အထွေထွေ အုပ်ချုပ်ရေးရုံးများကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စုစုပေါင်း ၁၀ ဖွဲ့ခန့်က ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း RFA က ဖော်ပြထားသည်။
စစ်ကိုင်းတိုင်း အရာတော်မြို့နယ်မြို့နယ်တွင် ပရဟိတလုပ်ငန်းများအား ဦးဆောင်ပါဝင်ခဲ့သူ တစ်ဦးဖြစ်သော ဦးမြင့်ဆန်းအား ဖေဖော်ဝါရီလ ၃ရက်နေ့က ပျူစောထီးခေါင်းဆောင်ဟုစွပ်စွဲ၍ ZERO ပြောက်ကျားတပ်ဖွဲ့က သတ်ဖြတ်ခံသည်။ သို့သော် ၎င်းသည် စစ်အာဏာရှင်တော်လှန်ရေးတွင်လည်း ဦးဆောင်ပါဝင်ခဲ့သူဖြစ်သောကြောင့် ZERO အဖွဲ့အနေဖြင့် တိကျခိုင်မာတဲ့ အထောက်အထားပြရန် အရာတော်မြို့နယ်ရှိ NLD ပါတီအပါအဝင် အရပ်ဘက်အဖွဲ့အစည်းများက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

Comments

Popular Posts